
ဒီဇင်ဘာလ ၃ ရက်။
၂၀၂၅ ခုနှစ် အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာပြီး မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာပါ ဖော်ပြချက်များ အရ သိရပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ရာနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း တိုးလာကာ၊ ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိသည်ဟု ခန့်မှန်းရာမှာ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ ခန့်မှန်း ထားပြီး ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၄ ခုနှစ်မှာ ၁၈ မက်ထရစ်တန် ထွက်ရှိသည်ဟု ခန့်မှန်းကြရာမှာ ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားကြောင်း၊ ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း ရှိကြောင်း UNODC ရဲ့ စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ချင်းပြည်နယ်ဟာ ဒေသအလိုက် ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်းမှာ ၂၆ ရာခိုင်နှုန်း ဖြင့် ဒုတိယ အများဆုံး ဒေသ ဖြစ်ကြောင်း ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်း အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃၂ ရာခိုင်နှုန်းထိ မြှင့်တက်ခဲ့ကြောင်း၊ တနိုင်ငံလုံးဘိန်း စိုက်ပျိုးမှုရဲ့ ၄၄ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက် စိုက်ပျိုးမှု အမျာဆုံးဒေသဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းမှာ တော့ ၁၃ ရာခိုင်နှုန်း တိုးတက်သွားကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘိန်းစိုက်ခင်း ရှိသည်ဟု ဖော်ပြထားပြီး ဘိန်းစိုက်ခင်း ၅၅၂ ဟက်တာ ရှိကြောင်း၊ စိုက်ပျိုးမှု အနိမ့်ဆုံး တိုးတက်ခဲ့တဲ့ ကချင်ပြည်နယ်မှာတော့ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း UNODC ရဲ့အစီရင်ခံစာ မှာ ဖော်ပြခဲ့ ပါတယ်။
ဘိန်းစိမ်း ဈေးနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်တွင် ဘိန်းစိမ်း တစ်ကီလိုဂရမ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅ သာ ရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ကီလိုဂရမ် ဟာ အမေရိကန်ဒေါ်လာ ၃၂၉ အထိ ရောက်ရှိလာပြီး ဘိန်းစိမ်းဈေးဟာ ခန့်မှန်းခြေ အားဖြင့် ၁၂၇ ရာခိုင်နှုန်း တိုးလာခဲ့တယ် လို့လည်း UNODC က ဖော်ပြထား ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ အနေဖြင့် ဘိန်းဖြူ ထုတ်လုပ်နိုင်မှု လျော့ကျ လာတာကြောင့် ယင်း နိုင်ငံမှ ဘိန်းဖြူ ထောက်ပံ့ပေးသည့် ဈေးကွက်များ ထဲသို့ မြန်မာနိုင်ငံမှ ဘိန်းဖြူများ ဝင်ရောက်လာတဲ့ လက္ခဏာများ တွေ့ရတယ် လို့လည်း UNODC က ဖော်ပြထား ပါတယ်။
ချင်းပြည်နယ်မှာလည်း မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသများကို ဦးတည်ပြီး ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်လာပြီး ယင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သက်ရောက်မှုများစွာ ဖြစ်ပေါ် စေနိုင်တယ် လို့လည်း UNODC ရဲ့အစီရင်ခံစာ က သတိ ပေးထား ပါတယ်။

