ဟားခါးမြို့နဲ့ တီးတိန်မြို့မှာ မဲဆန္ဒရှင်စာရင်းတွေ စတင်ကြေညာ

အောက်တိုဘာလ ၁ ရက်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ တီးတိန်မြို့ရဲ့ အဓိက လမ်းဘေးနေရာတွေမှာ အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် မဲဆန္ဒရှင် စာရင်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ကစလို့ စတင် ကပ်ထားနေပြီလို့ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ ကပ်တယ်လို့တော့ ကြားတယ် ကိုယ်တိုင်တော့ မမြင်သေးဘူး ဒီကနေ့ မနက်ကလည်း ရဲတွေ စစ်သားတွေ လမ်းမကြီးတလျှောက် တလုံးမှာ ရှိနေကြတယ်” လို့ Chin World Media ကိုပြောပါတယ်။

“စကောလမ်းဈေး မှာ မဲစာရင်း ကပ်နေပြီ။ ကိုယ်တိုင် သွားပြီး ကြည့် ဖြစ်တယ်။ မြို့မ ဈေးမှာ လည်း ကပ်ထားပြီ လို့ ပြောကြတယ်။ မကြည့် ဖြစ်သေးဘူး” လို့ တီးတိန်မြို့ နေ ပြည်သူ တဦးက မြို့ပေါ်မှာ မဲစာရင်း ကပ်တဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး Chin World Media ကို ပြောပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ် ၁၄ ရက် ကြာ ကပ်ထားကြေညာမယ်လို့ စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မိမိရဲ့ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ရှိရာနေရာ၏ မဲစာရင်းမှာ နာမည်ပါဝင်မှာဖြစ်ပြီး မဲစာရင်းတွင် မိမိနာမည်၊ မိသားစုနာမည် ပါ၊ မပါကိုလည်း သွားရောက်ကြည့်ရှု့နိုင်တယ်လို့လည်း စစ်ကော်မရှင်က ကြေညာထားပါတယ်။

ချင်းပြည်နယ်မှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီ မြို့နယ် တွေမှာ ရွေးကောက်ပွဲပြုလုပ်မှာ မဟုတ်ဘဲ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန် နှင့် တွန်းဇံမြို့နယ် ၅ မြို့နယ် တို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ၊ အမျိုးသား လွှတ်တော်တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၃) နေရာ၊ PR စနစ် ဖြင့် (၆) နေရာ၊ ပြည်နယ်လွှတ်တော် တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၅) နေရာ၊ PR စနစ် ဖြင့် (၉) နေရာ စုစုပေါင်း (၂၉) နေရာ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ခူမီးအမျိုးသားပါတီ ( KNP ) ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC) နှင့် ဇိုမီးအမျိုးသားပါတီ ( ZNP) တို့က ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *