Headlines

ချင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၆ ရက်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်တဲ့အကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ပြည်သူ့၊အမျိုးသား၊ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် တို့ကိုသတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ ဟားခါးမြို့ နဲ့ တီးတိန်မြို့ ကိုသာ အာဏာသိမ်းစစ်ကောင်စီတပ်က ထိန်းချုပ်ထားကာကျန်တဲ့ မြို့နယ်တွေကိုတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကိုယ်စားပြုပြီး ပါတီမှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီနှင့် ဇိုမီးအမျိုးသားပါတီတို့က ပါ၀င် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

မနေ့သြဂုတ်လ ၁၅ ရက်နေ့က စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေပါ မြို့နယ်တွေထဲ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ် ထဲက တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပါ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လအချိန်ယူပြီး ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း နဲ့ ပြည်နယ် လွှတ်တော် နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁၀ မှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၀ ဖြစ်ပါတယ်။

တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ် နဲ့ အချိုးကျ ကိုယ်စား ပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး( ရေးရာဝန်ကြီး) မဲဆန္ဒနယ် ၂၉ နယ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *