Headlines

ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားကောင်းလာတယ်လို့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ GKO က တုန့်ပြန်

သြဂုတ်လ ၁၁ ရက်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ( ULA / AA) ထိန်းချုပ်လိုက်ပြီးနောက် တရားဥပဒေစိုးမိုးရေး ပိုပြီးတော့ အားကောင်းလာသလို မှုခင်းတွေလည်း ကျဆင်းလာတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ပြောကြားမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ ဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့ဖြစ်တဲ့ Global Khumi Organization (GKO) ဘက်က Chin World Media မှာ တုန့်ပြန်ထားပါတယ်။

ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြေပြင်မှာ အမှန်တကယ်ဖြစ်နေတာက ဒေသခံတွေပြည်သူတွေဟာ ကျနော်တို့ အစိုးရ အုပ်ချုပ်ပြီးနောက်ပိုင်း တရားရေးယန္တရားတွေကို ပိုပြီးအားကိုးလာကြပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေလာပြီး ၊ တရားမျှတမှုရရှိရေးအတွက် ပိုပြီး ပူးပေါင်းဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ တရားဥပဒေစိုးမိုးရေးခိုင်မာလာဖို့ ဒီထက်ပိုကောင်းတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖြစ်ဖို့အတွက် ကျနော်တို့က တဆင့်ခြင်း ကြိုးစားပြီး‌တော့ လုပ်ဆောင်နေပါတယ် ထိုအရာတွေလို ပလက်ဝဒေသမှာ ကျနော်တို့ ULA/AA အစိုးရက ကျန်းမာရေးကဏ္ဍမှာ အခမဲ့ဆေးကုသပေးနေတာတွေရှိပါတယ် ပညာရေးကိစ္စတွေကိုလည်း၊ ဆက်လက်ပြီးတော့ တဆင့်ခြင်း အကောင်အထည်ဖော်နေပါတယ်။ပလက်ဝဒေသ အခြေနေကို ခြုံပြီးပြောရမယ်ဆိုရင်တော့ အရင်စစ်ကောင်စီအုပ်ချုပ်ခဲ့တဲ့ အခြေအနေထက် ကျနော်တို့ ULA/AA က ထိန်းချုပ်တဲ့ အုပ်ချုပ်ရေး ယန္တရားချပေးပြီးတဲ့ နောက်ပိုင်းမှာ တရားဥပဒေစိုးမိုးရေး ပိုပြီးတော့ အားကောင်းလာပြီးတော့ မှုခင်းတွေလည်း ကျဆင်းလာတယ် ပြည်သူတွေလည်း အရင်ကထက် အေးအေးချမ်းချမ်းနဲ့ သွားလာလှုပ်ရှားနေတာ တွေ့ရပါတယ်” လို့ပြောပါတယ်။

ဒါ့ပြင် စာရင်းမှတ်တမ်းတွေအရ ဒီနှစ် ၂၀၂၅ ခုနှစ်အတွင်းမှာ ဇွန်လအထိ မုဒိန်းမှု တစ်ခုသာရှိပြီး တခြားရာဇဝတ်မှုတွေလည်းပဲ ကြီးကြီးမားမား ဖြစ်ပွားတာ မတွေ့ရတဲ့အကြောင်း ULA / AA ပြောရေးဆိုခွင့်ရှိသူပြောဆိုပါတယ် ။

Global Khumi Organization ( GKO)ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီနှစ် ၂၀၂၅ ထဲ ပလက်ဝမြို့နယ်မှာ ချင်းအမျိုးသမီး သုံးဦး အဓမ္မ မုဒိမ်းပြုကျင့်ခံရပြီး နှစ်ဦးက သတ်ဖြတ်ခံရတယ်။ အဲဒီထဲမှာ AA အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးတို့ ကျူးလွန်ထားတဲ့ မုဒိမ်းမှုတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဖြစ်စဉ်တွေဟာ ဧပြီလ ၅ ရက်နေ့မှာ စိမ်းစင်းကျေးရွာက အိမ်ထောင်သည် ကလေးငယ်မိခင်တစ်ဦး ယာခင်းထဲ ဟင်းသွားခူးတဲ့အချိန် အရက်မူးလာတဲ့ အေအေအရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးက မုဒိမ်းကျင့်ပြီး ရေနစ်သတ်ဖြတ်ဖို့ ကြိုးပမ်းကြပေမယ့် ယောက္ခမ တွေ့သွားလို့ အထမမြောက်ပဲ အသက်ဘေးကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဒါက အေအေ ကျူးလွန်တဲ့မုဒိမ်းမှုဖြစ်သလို အေအေစခန်းရှိတဲ့ ရွာမှာဖြစ်တဲ့ဖြစ်စဉ်ပါ၊ပြီးတော့ မေလ ၂၃ ရက်ကလည်း ဆမီးမြို့၊ ပီဝကျေးရွာက အမျိုးသမီးတစ်ဦးလည်း ခြေလက်တွေ ကြိုးတုတ်ထားပြီး ရိုက်နှက်ထားတဲ့ ခန္ဓာတစ်လုံး ဒဏ်ရာတွေနဲ့ မိန်းမအင်္ဂါမှာလည်း အဓမ္မပြုကျင့်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ချောင်းထဲမှာ ရွာသားတွေ တွေ့တယ်။ ဒါကို အေအေ ဆေးအဖွဲ့က အလောင်းကို စစ်ဆေးသလိုလုပ်ပြီး ရေနစ်သေဆုံးတာဆိုပြီး ချက်ချင်းမြေမြှုပ်သင်္ဂြိုလ်ခိုင်းတယ်။ အလောင်းကို အေအေက ဓာတ်ပုံရိုက်ဖို့ မပြုသလို သတင်းအပြင်သို့ မပေါက်ကြားဖို့လည်း ဆွေမျိုးတွေနဲ့ရွာသားတွေကို ခြိမ်းခြောက်ထားတယ်။ အလောင်းတွေ့တဲ့နေရာကလည်း အေအေရဲဘော်တပ်စခန်းတွေရှိတဲ့နေရာနဲ့ သူတို့အသုံးပြုနေကျလမ်းလည်းဖြစ်တယ်။ နောက်ပြီးတော့ ၂၆ ရက်နေ့ ရွှေလိုင်ပွီကျေးရွာမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သူလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ အမျိုးသမီးအင်္ဂါ ကိုယ် မုဒိမ်းကျင့်ပြုကျင့်ပြီး ဓားလှီးခံရတဲ့ဒဏ်ရာတွေ၊ ဆံပင်တွေအကုန်ညှပ်ပစ်တာတွေနဲ့ သေဆုံးလျက် ချောင်းစပ်မှာ ရွာသားတွေ ပြန်တွေ့တယ်။ အလောင်းကို ရေနစ်သေဆုံးတာဆိုပြီး အေအေက အတည်ပြုပြီး ချက်ချင်းမြေမြှုပ်သင်ဂြိုလ်တယ်။ မိသားစုဝင်တွေကို အလောင်းကို ဓာတ်ပုံရိုက်ဖို့မပေးဘူး။ သတင်းမပေါက်ကြားဖို့ ခြိမ်းခြောက်တယ်။ ဒါပေမယ့် အဲသတင်းက ချင်းမီဒီယာတွေမှာ တက်လာတော့ မိသားစုဝင်တွေ အေအေရဲ့ ခြိမ်းခြောက်တာခံရလို့ အိန္ဒိယဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မိသားစုဝင်တွေရဲ့ပြောပြချက်အရ မုဒိမ်းကျင့်ခံရတာပါ။ အဲရွာမှာအေအေစခန်းတွေရှိတယ်။ အင်အားလည်းများတယ်” လို့ပြောပါတယ်။

မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ အမှုတွေအတွက် တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ မကြိုးစားပဲ အမှုကို နှုတ်ပိတ်ဖို့သာ ကြိုးပမ်းကြတယ် ဒါတွေကို ကြည့်ခြင်းအားဖြင့် မှုခင်းတွေနည်းလာတယ် ၊ အေးချမ်းမှုရှိတယ်ဆိုတာက ပြောဖို့ခက်ပါတယ်လို့ Global Khumi Organization (GKO)ရဲ့တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ULA / AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ပလက်ဝမြို့နယ်ကို ယခင်မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ကြောင်းကိုလည်း ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *