
ဇူလိုင်လ ၃ ရက်။
လတ်တလောမှာ ဖလမ်းမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုဖြစ်ပွါးနေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ Chinland Council အဖွဲ့ဝင် CDF – Hualngoram တို့ နှစ်ဘက် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာဖို့ Chinland Council နဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်မှာ တိုက်တွန်းကြောင်းထုတ်ပြန်ချက်အသီးသီးထုတ်ပြန်လိုက်ပါတယ်။
CDF – Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် ချင်းညီနောင်အနေနဲ့လည်း ပါဝင်ပတ်သက်မှာမဟုတ်သလို တခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပတ်သက်ခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း CNDF အဖွဲ့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
စေ့စပ်ဆွေးနွေးမှုတွေမပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုတွေကနေ အပြန်အလှန်ပစ်ခတ်မှုတွေထိ ပဋိပက္ခဖြစ်ပွားနေတဲ့ပေါ် ချင်းညီနောင်အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြား အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဖြေရှင်းရေးကိုသာ ချင်းညီနောင်အနေဖြင့် အစဉ်တစိုက်လက်ကိုင်ထားသလို လက်ရှိဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ အပြန်အလှန် ပဋိပက္ခတွေမှာ ချင်းညီနောင်အနေနဲ့ ပါဝင်ပတ်သက်မှာ မဟုတ်ဘဲ CDF – Hualngoram နဲ့ CNO/CNDF တို့ နှစ်ဦးနှစ်ဖက်လုံး အကြမ်းဖက်အာဏာရှင်ကို တိုက်ထုတ်နေသော ရည်မှန်းချက်တူတဲ့ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေ အကြား အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန်သာ တိုက်တွန်းတယ်လို့လည်း ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
CDF – Hualngoram နဲ့ CNDF ဖြစ်တဲ့ပဋိပက္ခကြား အခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းက ဝင်ရောက်ပက်သက်ခြင်းသည် လက်ရှိ ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပြီး သွေးထွက်သံယိုမှုပိုမိုများပြားတဲ့ အခြေအနေကို ဦးတည်စေနိုင်တာကြောင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် မဟုတ်ဘဲ စစ်ရေးအကူအညီဖြင့် ပါဝင်လာပါက ချင်းညီနောင်အနေဖြင့်လည်း ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNO/CNDF နဲ့အတူ မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
CNO/CNDF နဲ့ HPO / CDF – Hualngoram တို့အနေနဲ့ ပြန်လည်ချေဖျက်မရတဲ့ ချင်းလူမျိုး အချင်းချင်းကြား ကြီးမားတဲ့ စစ်ရေးပဋိပက္ခတွေကို မဖန်တီးဘဲ မိမိတို့၏ နယ်မြေတွေကို အပြန်အလှန် အသိမှတ်ပြုပြီး စစ်ရေးပြင်ဆင်မှုတွေ ချက်ချင်းရပ်တန့်ဖို့ Chinland Council က ဇူလိုင် ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဘုံရန်သူစစ်ကောင်စီကို ချင်းပြည်အတွင်းကနေ အပြီးတိုင်တိုင် ပူးပေါင်းတိုက်ထုတ်ရမယ့် အချိန်ကာလဖြစ်သည်နဲ့အညီ နှစ်ဖက်ဖွဲ့ကြား တင်းမာမှုတွေကို မပြေလည်မမှုတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ မျက်နှာခြင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် CNO / CNDF အနေနဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် HPO / CDF – Hualngoram နယ်မြေအတွင်း ထိုးစစ်ဆင်လာမှုဟာ ချင်းအမျိုးသားတည်ဆောက်ရေး ၊ ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်ပြီး လက်ရှိဖော်ဆောင်နေတဲ့ ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်ရေးလုပ်ငန်းစဉ်ကို ရပ်တန့်သွားစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Chinland Council ကထုတ်ပြန်ပါတယ်။
ချင်းပြည်အတွင်း လက်တလောကြုံတွေ့နေရတဲ့ သဘောထားကွဲပြားမှုတွေဟာ ပြန်လည်ပေါင်းစည်းးရေးတွက် ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာရေးတွက် ဆောင်ရွက်နေကြတဲ့ ကာလဖြစ်တယ်လို့လည်း Chinland Council က ဆိုပါတယ်။

