
မေလ ၂၆ ရက်နေ့ မနက် ၈နာရီ ခန့်မှာ ကလေးမြို့နယ် စီးစံကျေးရွာနေ ခရစ်ယာန် ဧဝံဂေလိ တရားဟော ဆရာ Evan Bawi Tlen Fai ဟာ စက္ကန့်ကျေးရွာ နှင့် စက်မှုဇုံအကြား သွားလာစဉ်မှာ မိုင်းနင်းမိတဲ့အတွက် အပြင်းအထန်ဒဏ်ရာရပြီး ခြေထောက် တဖက် ဖြတ်ခဲ့ရကာ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ဆက်လက် ဆေးကုသမှု ခံယူနေရကာအကူအညီလိုအပ်နေတယ် လို့ ဆွေမျိုး နီးစပ်သူ တစ်ဦး ထံမှ သိရှိရပါတယ်။
“ဆရာက ဖလမ်းမြို့နယ် ဝေဘူလဘက် ရှိ ဇတွာလ် ကျေးရွာမှာ Crusade လုပ်ဖို့ အတွက် တာဟန်းက အဖွဲ့သားတွေကို ဝင်ခေါ်ဖို့ သွားခဲ့တယ်။ စက္ကန့်ကျေးရွာ အလွန်၊ စက်မှုဇုံနားရောက်တော့ ဘီးကျွတ်နေတဲ့ ဆိုင်ကယ် တစ်စီးကို ကူညီဖို့ သွားရင်း လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်း နင်းမိပြီး ညာဘက် ခြေကျင်းဝတ် ပြတ် သွားတယ်။ ကလေးမြို့ ပြည်သူ့ ဆေးရုံကို ပို့လိုက်တော့ ညနေ နှစ်နာရီ လောက်မှာ ခွဲစိတ်ကုသ ပေးခဲ့ပြီး ဒဏ်ရာ အခြေအနေ ကြောင့် ဒူခေါင်း အောက် ကနေ ဖြတ် လိုက်ရတယ်။ အခု ဆိုရင် အစာတော့ နည်းနည်း ပါးပါး စား လာတယ်။ အခြေအနေကို စောင့်ကြည့် နေရပါတယ်” လို့ ဆွေမျိုး နီးစပ်သူမှ ဖြစ်စဉ်ကို ပြောပါတယ်။
ဆရာ Evan Bawi Tlen Fai ဟာ အသက် ၃၆ နှစ် ရှိပြီ ဖြစ်ပြီး သူ့မိန်းမဟာ လည်း ကိုယ်ဝန် ၆ လ ရှိနေတယ် လို့လည်း သိရှိရ ပါတယ်။
“သူ ဆေးကု ဖို့၊ နေပြန်ကောင်းလာရင် ခြေတု တပ် နိုင်ဖို့ အများကြီး လိုအပ် လာလိမ့်မယ်။ အမျိုးသမီး ကလည်း နောက် သုံးလေး လ ဆို မီးဖွားတော့မယ်။ သူတို့ အတွက်ရော မိသားစု အတွက်ပါ အတော်လေး အကျပ်အတည်း ဆိုက်သွားခဲ့တယ်။ သူ့ကို ပံ့ပူး ကူညီ လိုသူတွေ အနေနဲ့ ကျွန်ုပ်ရဲ့ KBZ pay (09400308957) ကနေ ကူညီ ကြဖို့ လည်း ပြောကြား ချင်ပါတယ်” လို့ မိုင်းနင်းမိတဲ့လူနာကို ပြုစုသူ တစ်ဦး ဖြစ်တဲ့ ဆရာ Stephen Tha Nei Fai က Chin World Media ကို ပြောပါတယ်။
