
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တဲ့ မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်မြို့က စစ်ဘေးရှောင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ (CNF/CNA) ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးဟာ ကျန်ဖိုင်မြို့မှာ မူးယစ်ရမ်းကားပြီး အဓိကရုန်းဖြစ်စေတာကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မေလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တာလို့ ဒေသအခြေစိုက် သတင်းတွေဖော်ပြချက်အရ သိရပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ လက်ရှိ လွှဲပြောင်းထားတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို စစ်ဆေးနေတုန်းဖြစ်တယ်” လို့ပြောပါတယ်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် ၆ ဦးဟာ အဓိကရုန်းဖြစ်ပွါးအောင်လုပ်ဆောင်ခဲ့တာကြောင့် Young Mizo Association (YMA) ကဖမ်းဆီးခဲ့ပြီး မီဇိုရမ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ ထပ်ဆင့် လွှဲပြောင်းလိုက်ခဲ့တာလို့လည်း သိရပါတယ်။