
ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏(၄)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် (ICNCC) ကဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော ပြည်နယ် ကိုယ်စားပြုအတိုင်ပင်ခံကောင်စီတစ်ခု ဖြစ်သည့်အပြင် ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအစီအမံ၊ အခန်း(၈) ပုဒ်မ(၅၂)အရ ချင်းပြည်အရေး ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင် ရွက်သည့်ကောင်စီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းသောချင်းညီနောင်(Chin Brotherhood)အဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်လို့လည်း ဆိုထားပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြန်လည် ပြုပြင်ဖွဲ့စည်းပြီး အစုအဖွဲ့(၇)ဖွဲ့နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့အနေနဲ့လည်း လက်ရှိမှာချင်းပြည်နယ်က ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း မြို့တို့ကို သိမ်းပိုက်ထားတဲ့ အကြောင်းကိုလည်း ICNCC/CB က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များအနေနဲ့ ဘုံရန်သူ ဖြစ်တဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာတွင် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကိုရှောင် ကြဉ်ရန် အထူးတိုက်တွန်းလိုတယ်လို့လည်း ICNCC/CB ကဆိုပါတယ်။
ယနေ့ချင်းပြည်၏အခြေအနေ ပြန်ကြည့်ခြင်းအားဖြင့် ချင်းပြည်တစ်ခွင်လုံး စစ်အာဏာရှင် ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့်အချိန်သို့ ရောက်ရှိ နေပြီလည်းဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆိုမိတ်ဖက် ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီးစစ်ကောင်စီမှ အတင်းအမ္မဖြင့် ကျင်းပရန်ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ် သလိုချင်းပြည်သူများကိုလည်းဤကဲ့သို့သော စကစ၏ ကြိုးစားမှုများတွင် ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများမလုပ်ဆောင်ကြရန် ကြိုတင်သတိပေးအပ်ပါတယ်လို့ ICNCC/CB က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး တိုက်ပွဲများ အတွင်း အသက်နှင့်ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းများအတွက်လည်း ဝမ်းနည်းကြေကွဲစွာနဲ့ လေးစားဦးညွှတ်အပ်တဲ့ကြောင်းနဲ့ ရာထူးအဆောင်အယောင်နှင့် ရပိုင်ခွင့်များကိုစွန့်လွတ်ပြီး အခက်အခဲ ပေါင်းဆုံကြားမှ ယနေ့အချိန်ထိ ဆက်လက်ကြံ့ကြံ့ခံတော်လှန်နေကြသော CDMများ၊စစ်အာဏာရှင် စနစ်အမြစ်ပြုတ်ရန် နည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသော တော်လှန်ပြည်သူများနှင့် ထောက်ပို့ ပြည်သူများအားလုံးကိုလည်း လေးစားဂုဏ်ပြု အပ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)မှာ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ CDF – Mindat ၊ CDF – Matupi ၊ CNO/ CNDF ၊ CDF – Kanpetlet ၊ PDF – Zoland ၊ MTC/ MDF တို့နဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ကပါ၀င်ထားပါတယ်။

