
မတ်လ ၁၄ ရက်။
လတ်တလောမှာ ချင်းပြည်နယ်နဲ့ ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနိုင်ငံက မီဇိုရမ်၊မဏိပူရ်ပြည်နယ်အမတ်တွေက စည်းရုံးတောင်းဆိုမှုတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း အနေထားအရ လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ပြောမရကြောင်းအိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က သုံးသပ်ထားပါတယ်။
အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က “အခုချိန်မြန်မာနိုင်ငံအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပြီးတော့မှ ချင်းတွေနှစ်ပေါင်း (၇၀)ကျော် တောင်းတလာတဲ့ ပင်လုံစာချုပ်ကတည်းကနေ တောင်းတလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီမရရှိဘူးဆိုရင်တော့ ချင်းပြည်သူတွေရဲ့ ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ဟာပေါ့နော် ဒါကိုမဖြစ်လာနိုင်ဘူးလို့တော့ ပြောလို့မရဘူး ကျနော်တို့နိုင်ငံရေးခင်းအကျင်းအရ လွတ်လပ်ရေး ဒါမှမဟုတ် အိန္ဒိယနဲ့ပူးပေါင်းရေးအတွက် ရွေးချယ်စရာနည်းလမ်း အဖြစ်ကျန်လာခဲ့ရင်တော့ ဒါမဖြစ်မနေ လက်တွေ့မဖြစ်နိုင်ရင်တောင်မှ ဖြစ်အောင်လုပ်ရမှာဘဲ ဥပမာပြောရမယ်ဆိုရင် မြန်မာနိုင်ငံတစ်ခုလုံးမှာ နိုင်ငံရေးဆွေးနွေးပွဲလည်း မပေါ်လာနိုင်ဘူး စစ်ကောင်စီကလည်း ချင်းတွေအပေါ်မှာ ရက်စက်သထက်ရက်စက်လာတယ် မြို့တွေဖျက်ဆီးတယ် အမျိုးသမီးတွေ မုဒိန်းကျင့်တယ်၊ စစ်သားမတရားစုဆောင်းတယ် ဖြတ်လေးဖြတ်ဆိုပြီးမှ ပြည်သူတွေ စားဝတ်နေရေး အခတ်တွေ့အောင် ရည်ရွယ်ချက်ရှိရှိလုပ်တယ် ဆိုတော့ ဒီလိုလူတွေနဲ့ ပြန်လည်ပေါင်းစည်းဖို့ကို ကျနော်တို့ထိုင်စောင့်နေရမှာလား” လို့ပြောပါတယ်။
သူကဆက်ပြီး “ထိုင်စောင့်စရာမလိုဘူးလေ ဒါက ကျနော်တို့ဒီလိုလူတွေကို မောင်းထုတ်နိုင်တယ်ဆိုရင် လိုချင်တာရွေးချယ်ပိုင်ခွင့်ရှိတယ် ဆိုတော့ ကျနော်တို့ချင်းတွေအနေနဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်က အခုချိန်ထိက ချင်းတွေအားလုံးကတော့ ဖက်ဒရယ်ဒီမိုကရေစီကို တောင်းတဆဲလို့ ပြောလို့ရတယ် ဒါပေမယ့် တကယ်လို့ရွေးချယ်တော့မယ်ဟေ့ဆိုရင် ဗမာနဲ့ပူးပေါင်းပြီးမှ ဖက်ဒရယ် ထူထောင်ချင်လာ အိန္ဒိယနဲ့ ထူထောင်ချင်လာဆိုရင် အိန္ဒိယနဲ့ ပူးပေါင်းခြင်းက ပိုပြီးမှ ကြိုက်ကြမှာ ဒီလို အခင်းအကျင်းဟာမျိုးက ဗဟိုမှာ အာဏာရှိနေတဲ့သူက အမြဲတမ်းရက်စက်ရင်တော့ မဖြစ်လာနိုင်စရာအကြောင်းမရှိဘူး တကယ် ဖြစ်နိုင်ချေအလားလာ အရမ်းများနေတဲ့ အနေအထားပေါ့နော်”လို့ပြောပါတယ်။
ပူးပေါင်းရေးဟာ အရင်ခေတ်အဆက်ဆက်ကတည်းက ချင်း၊ မီဇိုးအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးသမားတွေ အားလုံးရဲ့ ရည်မှန်းချက်လည်းဖြစ်သလို အခုချိန်မှာ လက်တွေ့ဖြစ်လာနိုင်တဲ့ အခင်းအကျင်းအကျင်းတွေဖြစ်လာပြီး ဒါဟာ ချင်းနိုင်ငံရေးသမားတွေတိုင်းရဲ့ အိမ်မတ်တစ်ခုလိုတောင် ပြောလို့ရတဲ့ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် k.Vanlalvenaဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ဌာနချုပ်ကိုသွားရောက်ခဲ့ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်နဲ့ပူးပေါင်းဖို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အထက်လွှတ်တော်အမတ် Leishemba Sanjaoba ကလည်း စစ်ကိုင်းတိုင်းအတွင်းက တမူး၊ကလေးမြို့နယ်ပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ထည့်သွင်းဖို့ မတ်လ ၁၀ ရက်နေ့ပြုလုပ်တဲ့ အိန္ဒိယအထက်လွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်က ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်သင့်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။