
ဖေဖော်ဝါရီလ ၁၄ ရက်။
ကလေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဗုံး တောက် လျှောက်ကြဲ နေကာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ နတ်ချောင်းကျေးရွာက တိုက်နယ်ဆေးရုံကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက်အဦး အားလုံးပျက်စီးခဲ့ရကာ ၊နတ်ချောင်းကျေးရွာကို ယမန်နေ့ကနေ ဒီကနေ့အထိ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ကလေးမြို့နယ်က ဒေသခံတစ်ဦး “ တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဗုံးကြဲတာတွေလည်း တောက်လျောက်လုပ်နေတာလို့ သိရတာဘဲ နတ်ချောင်းရွာကိုလည်း မနေ့ကစလို့ ဗုံးကြဲတာ ဒီနေ့ မနက်ပိုင်းမှာလည်း ကြဲတယ်လို့ သိရတယ်” လို့ပြောပါတယ်။
ကလေးမြို့နယ်အတွင်းမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ အရေးပေါ် စစ်ရေးဖြစ်ပွားနေတဲ့ ကာလအတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပြုလုပ်နေတာကြောင့် စစ်ရေးလုံခြုံရေးအရ ပျော်ပွဲရွှင်ပွဲ၊ အလှူပွဲတွေ၊ နာရေးကိစ္စတွေကို အကျဉ်းချုပ်လုပ်ကြရန် နဲ့ အသံချဲ့စက်တွေကို လုံးဝ မဖွင့်ကြရန် လုံခြုံရေးသတိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ကလေးမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်းထိစပ်နေတဲ့ ချင်းပြည်နယ်နဲ့ပါ နယ်နိမိတ်အရ ထိစပ်တဲ့ ကလေး – ဂန့်ဂေါလမ်း ကမ်းပါးနီတံတားအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခုလို လေကြောင်းကနေ နေ့နေ့ညည ဗုံးကြဲတာလို့သိရပြီး စစ်ကောင်စီက အဆိုပါ တိုက်ပွဲအတွက်လည်း လေကြောင်းသုံးပြီး စစ်ကူအင်အား ပို့တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ နတ်ချောင်း၊ ချောင်းခွ၊ တင်သား၊ ဟားခါးလေး ၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြံသာ၊ ကျော်ရွာ၊ အရှေ့စည်း၊ မြောက်စည်း စတဲ့ ကျေးရွာတွေကဒေသတွေဟာ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။