Headlines

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်အတွက် လိုအပ်တဲ့ ထောက်ခံစာ အမြဲတမ်းလာရောက်ထုတ်ယူနိုင်တယ်လို့ CNO/CNDF က တာဝန်ရှိသူပြော

ဇန်နဝါရီလ ၁၀ ရက်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဖလမ်းမြို့နယ်ထဲက ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်အတွက် လိုအပ်တဲ့ ထောက်ခံစာကို အမြဲတမ်းလာရောက်ထုတ်ယူနိုင်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ စစ်ဆင်ရေးအတွက် Chin Crisis Response Committee of U.S.A (CCRC U.S.A) အဖွဲ့က လုပ်တဲ့ ရန်ပုံငွေရှာဖွေခြင်းပွဲမှာချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက ပြောတာဖြစ်ပါတယ်။

အိန္ဒိယဗဟိုအစိုးရဘက်က အိန္ဒိယ – မြန်မာနှစ်နိုင်ငံ နယ်စပ်ကနေ လွတ်လပ်စွာဖြတ်သန်း သွားလာခွင့် (FMR) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ တင်းကြပ်လိုက်ပြီး နှစ်နိုင်ငံနယ်စပ်က ကီလိုမီတာ ၁၀ အတွင်း နေထိုင်သူတွေဖြစ်ကြောင်း ထောက်ခံစာပြပြီး ၇ ရက်နေထိုင်ခွင့် ကဒ်လုပ်ပေးပြီး ဖြတ်သန်းသွားလာခွင့်ပြုတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နယ်စပ်မှာရှိတဲ့ ချင်းပြည်နယ်မှာ လက်ရှိတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေအရမ်းများတဲ့ အခြေနေဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို အဓိက အားထားပြီးသွားလာနေရတဲ့အခြေအနေ ဖြစ်တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ကျေးရွာတွေကလူကြီးထောက်ခံစာတွေနဲ့ ဝင်ထွက်သွားခွင့် ကဒ်ကို လုပ်လို့ရကြောင်းလည်း သိရပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက “ကီလိုမီတာ ၁၀ တွင်းကရှိတဲ့ ကျေးရွာတွေအားလုံးကိုလည်း ကျနော်တို့ခေါ်ပြီးတော့ ကျေးရွာ ၂၀ ကျော်က လာကြတယ် အင်္ဂလိပ်စာနဲ့ ထောက်ခံစာလုပ်ဖို့လိုတဲ့အခါကြတော့ ဖောင်ဖြည့်တာတွေကို သင်ပြပြီးတော့ ထောက်ခံစာရေးပုံရေးနည်းတွေကို သင်ပေးတာတွေရှိတယ် လောလောဆယ်အခြေအနေမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မြန်မာက သွားလာဖို့ လိုအပ်နေတဲ့ အခြေအနေဆိုတော့ ကျနော်တို့ဒီက ရွာလူကြီးတွေပေးလိုက်တဲ့ ထောက်ခံစာက ၁ နှစ်တာအတွက် သုံးလို့ရတယ် ဟိုဘက်ရောက်တဲ့ချိန် ၁ နှစ်တာအတွက် အကြုံးဝင်တဲ့ ထောက်ခံစာနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် ကဒ် ၇ ရက်ခံ ဖြတ်ကျော်ခွင့်ကဒ်ကို ယူလို့ရတယ် အိန္ဒိယဗဟိုအစိုးရရဲ့ ဥပဒေတော့ရှိပေမယ့် မြေပြင်မှာလည်ပတ်နေတာတော့ အဲဒီလိုရှိတယ် ရွာလူကြီးတွေကိုလည်း မှာထားတယ် ဒီချိန်ကျနော်တို့ နိုင်ငံမှာက ဒုက္ခရောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့ အိန္ဒိယဘက်ကို မသွားလို့မရတဲ့ အနေထားတွေ ရှိတဲ့အခါကြတော့ ကိုယ့်ရွာက ဒေသခံမဟုတ်ရင်လည်း ကိုယ်သိတဲ့ ကိုယ့်လူမျိုးတွေဆိုရင် ထောက်ခံစာကိုတော့ ပေးဖို့တော့မှာထားတာမျိုးရှိတယ် ကျနော်တို့လူမျိုးတွေ ဟိုဘက်နိုင်ငံသွားဖို့ အခက်ခဲရှိရင် စာရွက်စာတန်းထောက်ခံစာလိုအပ်တာမျိုးရှိရင် ကျနော်တို့ကို ဆက်သွယ်ကြပါ ရွာတိုင်းကိုတော့ ကျနော်တို့ဘက်က ထောက်ခံစာပေးဖို့ လိုအပ်တဲ့စာရွက်စာတမ်း စတာတွေ ပေးထားပြီးဖြစ်တယ်” လို့ပြောပါတယ်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်လိုက်တာကြောင့် စစ်ဘေးရှောင်ပြီး အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ သောင်းချီတဲ့ ချင်းစစ်ဘေးရှောင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *