ချင်းပြည်နယ်မှာ ၂၀၂၁ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားချင်းလူမျိုး ၁၁၆ဦး သေဆုံးခဲ့ပြီး ၂၄၂ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၂၅ခု ၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်မာရေးအဆောက်အဦး ၈ခု နဲ့ ဘုန်းကြီး ကျောင်း ခုနှစ်ခု တို့ အပါ အ၀င်အဆောက် အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ် ၈၆၀ ကျော် တိုက်ခိုက်ခဲ့ကာ ၂၀၂၂၊၂၀၂၃ ခုနှစ်ထက်၂၀၂၄ ခုနှစ်အတွင်း အကြိမ်များစွာ ၅၈၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ CHRO က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်ကမြို့နယ် ၉ မြို့နယ်ထဲမှာ ချင်းညီ ေနာင်အဖွဲ့ကယခုသိမ်းပိုက်ထားပြီဖြစ်တဲ့ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်များဆုံး ပြုလုပ်ခဲ့ပါတယ်။
ဒီဇင်ဘာလ (၁၀) ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ချွန်ကျုံးရွာကို ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် (၄) ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားပြည်သူ့နေအိမ်ပေါင်း (၁၅) လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။
နို၀င်ဘာ ၂၆ ရက်နေ့က ဖလမ်းမြို့နယ်၊ လုမ်သဲရ်ရွာကိုလည်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးကျန်းမာရေး၀န်ထမ်းတစ်ဦးနဲ့ အမျိုးသား ငါးဦး သေဆုံးခဲ့ပါတယ်။