Headlines

မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြီး ဆင်နွဲသွားဖို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တိုက်တွန်း

ဇန်နဝါရီလ ၂ ရက်။

ချင်းပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချင်းပြည်သစ် ထူထောင်နိုင်ရေး သန္နိဌာန်နဲ့ မဆုတ်မနစ် ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲသွားဖို့ တိုက်တွန်းတဲ့အကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ် ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူပြည်သားအားလုံး ဘေးရန်ကင်း၍ ကျန်းမာလုံခြုံစွာ အောင်ပွဲများနဲ့အတူ ပါဝင်ဆင်နွှဲနိုင်ပါစေလို့လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) က ဆိုပါတယ်။

ချင်းလက်နက်ကိုင် (၆) ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် (CDF – Kanpalet)၊ ချင်းကာကွယ်ရေးတပ် -( မတူပီ ) တပ်မဟာ (၁) CDF – Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ကာ လက်တွဲဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ချင်းညီနောင်အဖွဲ့ဟာလက်ရှိမှာ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက် ဆင်နွဲနေဆဲဖြစ်ပါတယ်။

တီးတိန်မြို့ကိုလည်း ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာနိုင်တာကိုစိုးရိမ်ပြီး တီးတိန်မြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစလို့ ၎င်းတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တခြားလုံခြုံတဲ့ ဒေသတွေမှာ ရွေ့ပြောင်းနေကြတယ်လို့လည်း သိရပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC )ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး(CNF )နှင့် ချင်းနိုင်ငံ ရေးပါတီများ၊အရပ်ဘက်အဖွဲ့အစည်းများစသည် တို့ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

နောက်ပိုင်းမှာ ၂၀၂၃ မှာ ချင်းအမျိုးသားတပ်ဦး(CNF)ဟာ ICNCC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *