Headlines

သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံ့လူဦးရေ ရဲ့ ၆၃% ကျော် ကောက်ယူနိုင်ခဲ့ပြီး လာမယ့်ရွေးကောက်ပွဲကိုလိုအပ်ပါက အပိုင်းလိုက် ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဆို

နို၀င်ဘာလ ၂၀ ရက်။

လူဦးရေ နှင့် အိမ်အကြောင်းအရာ ကောက်ယူခြင်း လုပ်ငန်းများ ကို နိုင်ငံ့ လူဦးရေရဲ့ ၆၃% ကျော် ကောက်ယူနိုင်ခဲ့ပြီး ဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ လုံခြုံရေး အရ လိုအပ်ပါက အပိုင်းလိုက် ကျင်းပလို့လည်း ရကြောင်း အာဏာသိမ်းစစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း MRTV ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

စစ်ကောင်စီဥက္ကဌ မှ အမှာစကား ပြောကြားရာမှာ သန်းခေါင်စာရင်း နဲ့ ပတ်သက်ပြီး “နိုင်ငံလူဦးရေ၏ ၆၃% ကျော် ကောက်ယူနိုင်ပြီး ဖြစ်ကြောင်း၊ ကောက်ယူရန် ကျန်ရှိနေသည့် ဒေသများကို အနီးစပ်ဆုံး ရရှိအောင် ဆက်လက် ကောက်ယူလျက် ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း” ပြောကြားခဲ့ ပါတယ်။

ရွေးကောက်ပွဲ ပြုလုပ်မည့် ပုံစံ နှင့် ပတ်သက်ပြီး “ရွေးကောက်ပွဲအား လုံခြုံရေး အရ အပိုင်းလိုက် ခွဲခြားလို့လဲ ပြုလုပ်နိုင်ပါတယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ပါတယ်။

မဲပေးစနစ် နှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲမှာ Myanmar Electronic Voting Machine စနစ် ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အဆိုပါ မဲပေး စနစ်ဟာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် အသုံးပြုလျက် ရှိကာ မဲစာရင်း မှန်ကန်စေရေးအတွက် အထောက်အကူ ပြုတဲ့ စနစ် ဖြစ်တယ် လို့လည်း စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဆိုပါတယ်။

ရွေးကောက်ပွဲ စနစ် နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း တိုင်းရင်းသားများ နှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေး၊ အချိုးကျ ကိုယ်းစားပြု စနစ် PR ကို တိုင်းဒေသကြီး/ပြည်နယ် နှင့် အမျိုးသားလွှတ်တော်မှာ ဖောင်ဆောင်နိုင်ရေး ဆောင်ရွက် နေတယ်လို့လည်း စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဉက္ကဌရုံး အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် နိုင်ငံတော်ကောင်စီဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့တယ် လို့ သိခဲ့ရပါတယ်။

စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ် နိုင်ငံ ကူမင်းမြို့မှာ လုပ်တဲ့ (၈)ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေး မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း နှင့် သီးခြား တွေ့ဆုံမှု အခြေအနေများ သုံးသပ် ပြောဆိုရာမှာ “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု နှင့် မိမိတို့ အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် ပြတ်ပြတ်သားသား ရပ်တည်တဲ့ ပြောကြားချက်များဖြစ်တယ်” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

GMS အဖွဲ့ဝင် အာဆီယံ နိုင်ငံဖြစ်တဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးဘား နှင့် ဗီယက်နမ် နိုင်ငံများရဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံရာတွင်လည်း ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး “ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး၊ နိုင်ငံတကာမှ လေ့လာအကဲခတ်ရေး ကိုယ်စားလှယ်များကို ဖိတ်ခေါ် ဆောင်ရွက်သွားမယ့် အခြေအနေများ ရှင်းလင်း” ခဲ့တယ်လို့လည်း စစ်ကောင်စီဉက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *