Headlines

ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါအဖြစ်များနေပြီးကလေးငယ် ၂ ဦးလည်းကာလဝမ်းရောဂါကြောင့် သေဆုံးပြီလို့ သိရ

ဇန်နဝါရီလ ၆ ရက်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းကစလို့ ဒေသခံပြည်သူတွေကြားထဲ ကာလဝမ်းရောဂါက ကပ်ရောဂါလို အဖြစ်များနေပြီး ကာလဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ၁ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးရပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ ရာသီကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကပ်ရောဂါလိုဖြစ်နေကြတယ် သေတာက ပလက်ဝမြို့နယ် အထက်ပိုင်း ဒိုးချောင်းဝကျေးရွာက အသက် ၁ နှစ်ဝန်းကျင် ၂ ယောက်သေပြီ ကျန်တဲ့ရွာတွေမှာလည်း ဖြစ်နေကြတယ် ဆက်သွယ်ရေးအခက်ခဲကြောင့် သေဆုံးမှုအခြေအနေ မသိရသေးတာ ဒီကာလဝမ်းရောဂါက ခုခံအားနည်းတဲ့ ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ ကျော်တွေမှာ အဖြစ်များနေတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA )သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မှာ ကျန်းမာရေးဝန်ထမ်းတွေ တခြားဒေသကိုပြောင်းရွှေ့ကုန်ပြီး ကျန်းမာရေးဝန်ထမ်းမရှိတာ၊ ဆေးဝါးမရှိတာတွေကြောင့် အခြေအနေ ပိုမိုဆိုးရွားနေတယ်လို့လည်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ကာလဝမ်းရောဂါကို ခုခံအားနည်းတဲ့ ၅ နှစ်အောက်ကလေးငယ်တွေမှာနဲ့ အသက် ၆၀ ကျော်တွေမှာ အဖြစ်များနေတာဖြစ်ပြီး ပလက်ဝ အောက်ပိုင်း လေးမြိုချောင်းဘက်မှာလည်း အဖြစ်များနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ၁၀ ဦးထက်မနည်း သေဆုံးပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *