နို၀င်ဘာလ ၁၅ ရက်။
စစ်ရေးပဋိပက္ခ မဖြစ်အောင် ကြားခံအဖွဲ့အစည်းတွေအကူအညီနဲ့ ကြားဝင်ညှိနှိုင်းပေးထားတဲ့ ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) အကြား နိုဝင်ဘာလ (၁၁) ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းက ပင်သီယာကျေးရွာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ကြောင်း နှစ်ဘက်အဖွဲ့ အသီးသီးက ထုတ်ပြန်ပြောဆိုထားပါတယ်။
ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင်တွေ အကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဘက်က နိုဝင်ဘာလ ၁၄ရက်နေ့မှာ အခုလိုထုတ်ပြန်ထားပါတယ်။ မရာနယ်မြေအတွင်းကို CNF/CNA လက်အောက်ခံ Chinland Council တပ်ဖွဲ့တွေက ပင်တီယာကျေးရွာအထိ ကျူးကျော်နေရာချတာ လမ်းပိတ်ဆို့တာ MTC/MDF ထိန်းချုပ်နယ်မြေကို စားနပ်ရိက္ခာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်တာတွေကြောင့် ပြည်သူလူထုဆင်းရဲဒုက္ခ ခံစားနေကြရပြီး ပင်တီယာ (၉) မို်င်ရွာသား ၂ ဦးကိုလည်း MDF နဲ့ပက်သက်ဆက်နွယ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပူပေးထားတဲ့ သံလုံးနဲ့ ရိုက်နှက်တာအပြင် MDF တပ်ဖွဲ့ ခြေချစခန်းတွေကို ဒရုန်းနဲ့လာရောက်ထောက်လှမ်းခြင်း ဗုံးသီးတွေချခြင်း နဲ့ ချောင်းမြောင်း ပစ်ခတ်ခြင်းတွေ နှစ်ကြိမ်ထက်မနည်း လုပ်ခဲ့ခြင်းတို့ကြောင့် CNF/CNA လက်အောက်ခံ Chinland Council တပ်ဖွဲ့နဲ့ ၂ နာရီကြာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဘက်က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းညီနောင်အဖွဲ့ထုတ်ပြန််ချက်နဲ့ ပက်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီပြောတာက “ ငါတို့နေရာကို တမင်လာပစ်တာကြီးကို လိမ်နေတာဆိုတော့ ပြောကိုမပြောချင်ဘူး။ ဗြောင်လိမ်ပြီး ထုတ်ပြန်တဲ့ သတင်းကြီးပါ မယုံပါနဲ့” လို့ Chin World မီဒီယာကို မှတ်ချက်ပြု ဖြေကြားထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း သုံးနာရီလောက်မှာ ချင်းညီနောင် အဖွဲ့ဝင် MDF နဲ့ AA အင်အား ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ တစ်နာရီကျော်ခန့်ကြာခဲ့တယ်လို့ Chinland Council အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက အဲဒီတိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအတွင်း ဒေသတွင်းက သတင်း မီဒီယာတချို့မှာ ဖြေဆိုထားပါတယ်။
ချင်းပြည်စည်းလုံးရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက အခုလို ချင်းညီနောင်စစ်ဆင်ရေးကာလအတွင်း နှောက်ယှက်ကျူးလွန်မှုတွေ ချက်ခြင်းရပ်တန့်ပေးဖို့နဲ့ နှစ်ဖက်သဘောတူညီမှုတွေအပေါ် လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်း ေကြာင်း၊နောက်ပြီး ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း သွေးထွက်သံယိုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုတွေကို ဆက်လက်ကျူးလွန်လာပါက ချင်းညီနောင် (CB) အနေနဲ့ လိုအပ်သလို ကိုင်တွယ်အရေးယူမယ်လို့လည်း ချင်းညီနောင်အဖွဲ့ဘက်က နိုဝင်ဘာလ ၁၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
နှစ်ဖက်အဖွဲ့အစည်းက မှားရင်လည်း မှားတဲ့အကြောင်း ဝန်ခံပြီးတော့ အဲဒါကို ပြင်ရဲတဲ့ သတ္တိလည်းရှိဖို့နဲ့ အပေးအယူ ပြတ်ပြတ်သားသား အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ နည်းနည်းထပ်ကြာသွားပါက ဒုက္ခရောက်နိုင်တဲ့ကြောင်းကိုလည်း ချင်းတော်လှန်ရေးအင်အားစုတွေအကြား စည်းလုံးရေးနဲ့ ပတ်သက်ပြီး ဝါရင့်ချင်းနိုင်ငံရေးသမား Salai Kipp က Chin World မှာ ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့ စစ်တင်ဘာလ ၂၁ ရက်နေ့ကမှ Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းပြည်အစိုးရအဖွဲ့(Chinland Council)၊ ချင်းအမျိုးသားတပ်ဦး(CNF )နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ ချင်းညီနောင် CB )အဖွဲ့ကြား နောက်နောင်နှစ်ဖက်အဖွဲ့အစည်းကြား သဘောထားကွဲလွဲမှုတွေရှိလာပါက လက်နက်နဲ့ မဖြေရှင်းဖို့အပါအဝင် သဘောတူညီချက် ၅ ချက် သဘောတူခဲ့တာဖြစ်ပါတယ်။