ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် မှာ လေးမြိုမြစ်ရေ မြင့်တက်လို့ ကျေးရွာ ၁၃ ရွာ ရေမြုပ်ခဲ့ပြီး ရေဘေးသင့်ဒေသခံ ၁၀၀၀ ခန့် အရေးပေါ် အကူအညီ လိုအပ်နေကြတယ်လို့ ပလက်ဝမြို့နယ်သတင်းတွေအဓိကဖော်ပြနေတဲ့ KIMO Media ရဲ့ ဩဂုတ်လ ၂၄ ရက် သတင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြစ်ရေတွေ ရုတ်တရက်ကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ဒေသခံတွေအနေနဲ့ ပစ္စည်းပြောင်းရွှေ့ချိန်တောင် မရခဲ့ဘဲ ရေဘေးသင့်ခဲ့ရတာလို့လည်း သိရပါတယ်။
လေးမြို့မြစ်ရေတက်လို့ ပလက်ဝမြို့နယ်က မောင်ကျေးရွာ၊ အလယ်ဒိန်ကင်းကျေးရွာ၊ နန်းမနူးကျေးရွာ၊ ကိုဖေကြီးကျေးရွာ၊ ကိုဖေရှေကျေးရွာ၊ အောက်သံထောင်ကျေးရွာ၊ သံထောင်ရွာ၊ စုတ်ချောင်းရွာ၊ ဂါရာပြင်ကျေးရွာ နဲ့ ကြက်ဖတောင်ကျေးရွာတွေမှာ ရေအနည်းငယ်မြုပ်ပြီး ပန်းဘွေရွာ၊ ဗုဒ္ဓဂါရွာနဲ့ ဝန်ချောင်းရွာတွေကတော့ ရွာလုံးကျွတ် ရေမြုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရေဘေးသင့်တဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်က လက်ရှိအချိန်ထိ အကူညီတွေ မရရှိကြသေးဘဲ။ ရေဘေးသင့်ပြည်သူတွေအတွက် အမိုးအကာတွေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့လည်း သိရပါတယ်။