
ရေး – DonBosco
ချင်းလူမျိုးအများစု စစ်ဘေးခိုလှုံရာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် ခရီးသွားလုပ်ငန်း တစ်ရှိန်ထိုး မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုတွေရဲ့ နောက်ကွယ်မှာတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ‘အကြီးမားဆုံးရန်သူ’ လို့ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး အကြပ်အတည်းနဲ့အတူ စစ်ဘေးရှောင်တွေရဲ့ ရုန်းကန်နေရတဲ့ မြေပြင်အရှိတရားတွေက ဒွန်တွဲနေပါတယ်။
မီဇိုရမ်ပြည်နယ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ပြည်နယ်အတွင်း ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်ဟာ ၄၀,၀၀၀ ကျော် ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ မြေပြင်မှာ တိုက်ရိုက်ကူညီနေတဲ့ CYMA ကဲ့သို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွေရဲ့ စာရင်းအရဆိုရင်တော့ စုစုပေါင်းအရေအတွက်ဟာ ၅၅,၀၀၀ ကျော်ကနေ ၆၀,၀၀၀ အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါဟာ အစိုးရရဲ့ တရားဝင်မှတ်တမ်းနဲ့ မြေပြင်အခြေအနေကြားမှာ သိသိသာသာ ကွာဟချက် ရှိနေတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒီလို စာရင်းတွေ ကွာဟနေရတဲ့ အဓိကအကြောင်းရင်းကတော့ စစ်ဘေးရှောင်တွေရဲ့ နေထိုင်မှုပုံစံနဲ့ အစိုးရရဲ့ မှတ်ပုံတင်စနစ်တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ နဂိုတရားဝင်စာရင်းမှာ ၃၅,၀၀၀ ကျော်သာ ရှိနေရခြင်းဟာ အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ လက်ဗွေနှိပ်ခြင်းနဲ့ မျက်ကြည်လွှာစကန်ဖတ်ခြင်း အပါအဝင် Biometrics (ဇီဝအချက်အလက်) ကောက်ယူပြီးသူတွေကိုပဲ တရားဝင်စာရင်းအဖြစ် သတ်မှတ်ထားလို့ ဖြစ်ပါတယ်။
သို့သော်လည်း ၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ထပ်တိုးလာတဲ့အတွက် လက်ရှိမှာ ၄၀,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ပြည်နယ်အစိုးရဘက်က ခန့်မှန်းထားတာပါ။
တကယ်တမ်း မြေပြင်မှာတော့ စစ်ဘေးရှောင် အများအပြားဟာ ဒေသခံတွေနဲ့ ဆွေမျိုးတော်စပ်ကြတာကြောင့် စခန်းတွေမှာ မနေဘဲ နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြတာ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်ငှားနေထိုင်ကြတာတွေ ရှိနေတဲ့အတွက် အစိုးရရဲ့ Biometrics စနစ်နဲ့ မှတ်ပုံတင်ဖို့ ကျန်နေသူတွေ အများကြီး ရှိနေပါသေးတယ်။
ဒါ့အပြင် တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး နယ်စပ်ကို အဝင်အထွက် ခဏခဏ လုပ်နေသူတွေ ရှိနေတာကလည်း CHRO နဲ့ CYMA ကဲ့သို့သော အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မြေပြင်စာရင်းကို ပိုပြီး များပြားသွားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ် ခရီးသွားလုပ်ငန်းဝန်ကြီး Lalnghinglova Hmar က “မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေကို အစိုးရက စနစ်တကျ စောင့်ရှောက်ထားပြီး အဲဒီလို လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုတွေဟာ ပြည်နယ်ရဲ့ ပုံရိပ်ကို မြှင့်တင်ပေးသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ကိုလည်း အထောက်အကူ ဖြစ်စေတယ်” လို့ ဇန်နဝါရီလအတွင်းမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၄-၂၅ ခုနှစ်အတွင်းမှာ ခရီးသွား ၅ သိန်းကျော် လာရောက်ခဲ့ပြီး ဒါဟာ ၂၀၂၃ – ၂၄ နှစ်ထက် ၂ ဆကျော် စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ မိန့်ခွန်းမှာလည်း ပြည်နယ်ဘုရင်ခံ Gen Vijay Kumar Singh က မီဇိုရမ်ဟာ အရှေ့မြောက်ဒေသမှာ ခရီးသွားလုပ်ငန်း အမြန်ဆုံး တိုးတက်နေတဲ့ ပြည်နယ်တစ်ခု ဖြစ်လာတယ်လို့ အတည်ပြုခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဆောင်းတွင်းကာလမတိုင်မီ အောက်တိုဘာလအထိတင် ခရီးသွား ၄ သိန်းကျော် လာရောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Bairabi နဲ့ Sairang ကို ဆက်သွယ်ထားတဲ့ ရထားလမ်းသစ်ကြောင့် ခရီးသွားလာချိန်နဲ့ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ခဲ့ပြီး လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပွင့်လန်းလာခဲ့ပါတယ်။
ရထားလမ်းသစ်ကြောင့် ခရီးသွားလာမှု လွယ်ကူလာတာဟာ မီဇိုရမ်အတွက် သတင်းကောင်းဖြစ်ပေမဲ့၊ တစ်ဖက်မှာလည်း ခရီးသည်တွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေက ပြည်နယ်ရဲ့ သန့်ရှင်းလှပတဲ့ သဘာဝအလှတရားကို စတင်ခြိမ်းခြောက်လာနေပါတယ်။ ဒါဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်နေတဲ့ စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်ပါတယ်။ အချို့သော ဘူတာရုံတွေမှာ အမှိုက်မပစ်ဖို့ သတိပေးချက်တွေကို မီဇိုဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဟင်ဒီဘာသာတွေနဲ့ ရေးသားထားတာမျိုးတွေ စတင်လုပ်ဆောင်လာနေရပါတယ်။
ဧည့်သည်ကိစ္စနဲ့ မူးယစ်ဆေး၀ါးပြသနာ
တစ်ဖက်တွင် ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ကတော့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာပဲ မူးယစ်ဆေးဝါးဟာ ပြည်နယ်နဲ့ ပြည်သူတွေအတွက် “အကြီးမားဆုံးရန်သူ” ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ ‘Operation Jericho’ စစ်ဆင်ရေးအတွင်း ၂၀၂၅ စက်တင်ဘာကနေ ၂၀၂၆ ဇန်နဝါရီ ၁၃ ရက်အထိ ၃ လနီးပါးအတွင်း ရူပီး ၁၉၆.၄၂ ကုဋေဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မီဇိုရမ်ပြည်နယ် ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ချင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Center for Chin Peace and Reconciliation (CCPR) ရဲ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လထုတ် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၇၁ သန်း (USD 171 million) အထိ ရှိနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၃၅ သန်းဖိုးသာ ဖမ်းဆီးရမိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာတော့ ဒေါ်လာ ၈၆ သန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ဒါဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ပြည်သူ့ကျန်းမာရေးကို ကြီးမားစွာ ခြိမ်းခြောက်နေတဲ့ အခြေအနေသစ်တစ်ခုဖြစ်တယ်လို့ CCPR က ထောက်ပြထားပါတယ်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပြီး ပုံရိပ်ကောင်းတွေ ပြနေပေမဲ့ မြန်မာဘက်က ဝင်လာတဲ့ စစ်ဘေးရှောင် ၅ သောင်းခွဲကျော်ကတော့ ရှင်သန်ရပ်တည်ရေးအတွက် ဒေသခံတွေနဲ့ အလုပ်အကိုင် ဈေးကွက်ထဲမှာ အားပြိုင်နေရပါတယ်။ စစ်ဘေးရှောင်တွေဟာ လုပ်အားခ သက်သက်သာသာနဲ့ အလုပ်လုပ်ကြရတာကြောင့် အခြေခံအလုပ်အကိုင်တွေမှာ ဦးစားပေး ငှားရမ်းခံရလေ့ရှိပေမဲ့ တစ်ဖက်မှာလည်း “တံခါးမရှိ၊ ဓားမရှိ ဝင်လာမှာကို စိုးရိမ်တယ်” ဆိုတဲ့ ဒေသခံတွေရဲ့ လူမျိုးရေး စိုးရိမ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်လာပေမဲ့ မီဇိုရမ်ဒေသခံတွေကြားမှာတော့ လူမျိုးရေးနဲ့ စီးပွားရေးအရ ဝါးမြိုခံရမှာကို စိုးရိမ်နေကြပါတယ်။ အိုင်ဇောလ်မြို့ခံတစ်ဦးက “မီဇိုလူမျိုးတွေက အိန္ဒိယမှာ လူနည်းစုလေးပါ။ အခု ရထားလမ်းပွင့်သွားတော့ ပြည်မဘက်ကလူတွေ တံခါးမရှိ ဓားမရှိ ဒလဟော ဝင်လာကြမှာကို စိုးရိမ်နေရတယ်။ ရထားလမ်းစဖွင့်တာနဲ့တင် ပြည်မဘက်ကလူတွေ အများကြီး ရောက်လာတာ တွေ့နေရပြီ” လို့ ဖွင့်ဟခဲ့ပါတယ်။
ဒီလို စိုးရိမ်မှုတွေရှိနေတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ မီဇိုလူမျိုးမဟုတ်သူတွေအတွက် Inner Line Permit (ILP) စနစ်နဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြန်လည်နေထိုင်သူ တစ်ဦးရဲ့ အဆိုအရ “အစိုးရက ခွင့်ပြုချက် (ILP) မပါရင် ပြည်နယ်ထဲ ပေးမဝင်ဘူး၊ ဝင်လာရင်လည်း ပြန်အပို့ခံရမယ်” လို့ သိရပါတယ်။
သို့သော်လည်း တစ်ဖက်မှာတော့ ပြည်နယ်အစိုးရက နိုင်ငံခြားသားခရီးသွားတွေကို ပိုမိုဖိတ်ခေါ်နေတာကြောင့် ဒေသခံတွေကြားမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။
အိုင်ဇောလ်မြို့ခံ နောက်တစ်ဦးက “အစိုးရက နိုင်ငံခြားသားတွေ များများဝင်လာဖို့ ဖိတ်ခေါ်နေတယ်။ ဒေသခံတွေက စိုးရိမ်ပေမဲ့ အရင်လို ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးထက် အစိုးရအနေနဲ့ စနစ်တကျ ထိန်းချုပ်ဖို့ကိုပဲ ပိုပြီး လိုလားနေကြတယ်” လို့ ပြောကြားခဲ့ပါတယ်။
အရင်က မီဇိုရမ်ပြည်နယ်နဲ့ လူဦးရေထူထပ်တဲ့ အိန္ဒိယပြည်မအကြားဆက်သွယ်မယ့် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို မီဇိုရမ်ပြည်နယ်ရဲ့ သြဇာအရှိဆုံး အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ Central Young Mizo Association (CYMA) နဲ့ Mizo Zirlai Pawl (MZP) ခေါ် မီဇိုကျောင်းသားများအသင်းတို့က ဦးဆောင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ထိုစဥ်က လူမျိုးရေးနှင့် ယဉ်ကျေးမှု ဝါးမြိုခံရမည့် စိုးရိမ်မှု၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးမှု၊ Inner Line Permit (ILP) စနစ် အားနည်းသွားနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာပြဿနာ များကိုအဓိကအကြောင်းပြုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
တစ်ဖက်မှာ နိုင်ငံခြားသား ဝင်ရောက်မှုအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့ မီဇိုဒေသခံတွေဟာ ချင်းလူမျိုးတွေကိုတော့ သွေးချင်းညီအစ်ကိုများအဖြစ်သာ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်လည်း အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်ခြံစည်းရိုးခတ်ပြီး ညီအစ်ကိုချင်း ခွဲခြားမယ့် အစီအစဉ်ကို ပြည်နယ်လွှတ်တော်ကိုယ်တိုင်က ကန့်ကွက်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း လမ်းပေါ်ထွက်ပြီး တစ်ကြိမ်ထက်မနည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ခြံစည်းရိုးကန့်ကွက်မှုတွေရဲ့ နောက်ကွယ်မှာတော့ Zo Re-unification Organization (ZORO) က အဓိက ဦးဆောင်နေတာပါ။ ZORO ရဲ့ အဆိုအရ ‘ဗြိတိသျှတွေက သွေးချင်းညီအစ်ကိုတွေကို ခွဲခြားခဲ့တဲ့ နယ်စပ်မျဉ်းကို အခုလို ခြံစည်းရိုးခတ်ပြီး ထပ်မံခွဲခြားတာဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်’ လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ လမ်းပေါ်ထွက် ဆန္ဒပြရုံတင်မကဘဲ ကုလသမဂ္ဂအထိပါ တင်ပြပြီး ညီအစ်ကိုချင်း ပြန်လည်စည်းလုံးဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်များ ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် မြေပြင်အရှိတရား
မီဇိုရမ်ရောက် စစ်ဘေးရှောင်အများစုဟာ ရေရှည်ရှင်သန်နိုင်ဖို့အတွက် ဒေသခံတွေရဲ့ လယ်ယာ၊ တောင်ယာတွေမှာ နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ခြင်း၊ အိမ်ဆောက်လုပ်ရေးနှင့် ကုန်တင်ကုန်ချကဲ့သို့သော အခြေခံအလုပ်ကြမ်းများကို အဓိကထား လုပ်ကိုင်နေကြရပါတယ်။ အမျိုးသမီးအချို့မှာတော့ ရက်ကန်းခတ်ခြင်း၊ အဝတ်အထည်ချုပ်လုပ်ခြင်းနှင့် အိမ်တွင်းစားသောက်ကုန်များကို ဒေသတွင်းဈေးများတွင် ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။
ဥပဒေကြောင်းအရဆိုရင်တော့ စစ်ဘေးရှောင်တွေဟာ နိုင်ငံခြားသားများ ဖြစ်ကြတာကြောင့် အိန္ဒိယနိုင်ငံသားတွေလို တရားဝင် အလုပ်လုပ်ပိုင်ခွင့် (Work Permit) အပြည့်အဝ မရှိပါဘူး။ သို့သော်လည်း ပြည်နယ်အစိုးရအနေနဲ့ လူသားချင်းစာနာမှု ရှုထောင့်ကနေ သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအလုပ်ကြမ်း လုပ်ကိုင်မှုတွေကိုတော့ အဓိကအားဖြင့် မျက်ကွယ်ပြု ခွင့်ပြုပေးထားတဲ့ (Informal Permission) အခြေအနေမျိုးသာ ရှိနေတာ ဖြစ်ပါတယ်။
တရားဝင် လုပ်ငန်းလုပ်ကိုင်ခွင့်မှာ ဒေသခံ မီဇိုလူမျိုးတွေနဲ့ စစ်ဘေးရှောင်တွေကြား သိသိသာသာ ကွာဟချက် ရှိနေပါတယ်။ ဒေသခံတွေသာလျှင် တရားဝင် ကုန်သွယ်ခွင့်လိုင်စင် (Trade License) လျှောက်ထားနိုင်ပြီး စစ်ဘေးရှောင်တွေမှာတော့ အကာအကွယ်မဲ့နေတာကြောင့် ဒေသခံတွေထက် လုပ်အားခ လျှော့နည်းပြီး ခိုင်းစေခံရတာမျိုးတွေအပြင်၊ လုပ်ငန်းတစ်ခုခု လုပ်ကိုင်ချင်ရင်တောင် ဒေသခံတစ်ဦးဦးရဲ့ နာမည်ကို ငှားရမ်းပြီး ခက်ခက်ခဲခဲ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပေမဲ့ အစိုးရရဲ့ မူဝါဒတွေဟာ ဒေသခံလူငယ်တွေနဲ့ လုပ်ငန်းရှင်တွေကိုပဲ အဓိက ဦးတည်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် သီးသန့် အသေးစား၊ အလတ်စား (SME) လုပ်ပိုင်ခွင့်တွေ တရားဝင် မရှိသေးပါဘူး။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းကြောင့် ပေါ်ပေါက်လာတဲ့ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေမှာတော့ စစ်ဘေးရှောင်တွေဟာ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း သွယ်ဝိုက်သော နည်းလမ်းနဲ့ ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းလေးတွေတော့ ရှိလာနေပါတယ်။
မီဇိုရမ်အစိုးရအတွက် ခရီးသွားလုပ်ငန်းနဲ့ လူသားချင်းစာနာမှု ပုံရိပ်တွေက အရေးကြီးသလို၊ တစ်ဖက်မှာလည်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကြောင့် တင်းကျပ်လာတဲ့ လုံခြုံရေး စစ်ဆေးမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကြားမှာ စစ်ဘေးရှောင်တွေရဲ့ ဘဝကတော့ ရထားလမ်းပေါ်ကနေ လာမယ့် ခရီးသွားတွေ လာရောက်ကြည့်ရှုကြတဲ့ “ရှုခင်းတွေထဲက ပြကွက်တစ်ခု” များ ဖြစ်နေမလားဆိုတာကတော့ စိုးရိမ်စရာ ဖြစ်နေပါတော့တယ်။

