Input your search keywords and press Enter.

မတူပီသို့သွားရောက်မည့် ဒုသမ္မတကြိုဆိုရေးအဖွဲ့တွင် ခရိုင်ရုံးနေရာချထားရေးကိစ္စ ဆန္ဒပြသူများ မပါဝင်ရန် ညွှန်ကြားထားဟုဆို

Salai Benezer

ယခုရက်ပိုင်းအတွင်း မတူပီမြို့သို့သွားရောက်မည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကြိုဆိုရေးအဖွဲ့ထဲတွင် ခရိုင်ရံးနေရာချထားရေးကိစ္စ ဆန္ဒပြသူများ မပါဝင်ရန် ညွှန်ကြားထားကြောင်း မတူပီမြို့ မြို့မိမြို့ဖ ကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

“ဒုသမ္မတကြိုဖို့ ကျွန်တော်တို့ ရပ်မိရပ်ဖ ဥက္ကဌဆီသွားဆွေးနွေးတော့ သူပြောတာက မြို့နယ်အုပ်ချုပ်ရေးမှူးက ဒုသမ္မတကြိုဖို့ ဆန္ဒပြတဲ့သူထဲမှာမပါတဲ့ ရပ်မိရပ်ဖ ငါးယောက်ရွေးပေးဖို့ မှာထားတယ်လို့ပြောတယ်၊ အဲဒါနေ့ ဒီနေ့မနက် ခုနှစ်နာရီအစည်းအဝေးမှာ အဲလိုတစ်ကယ်ပြောသလား ပြန်မေးတော့ အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက တစ်ကယ်ပြောခဲ့တယ်လို့ သူပြန်ပြောတယ်၊ ကြိုဆိုရမဲ့သူစားရင်းမှာ ဆန္ဒဖော်ထုတ်တဲ့ချိန် ပါတဲ့သူမထည့်ဘဲနဲ့ ဆန္ဒဖော်ထုတ်တဲ့ချိန်မှာ မပါတဲ့သူကိုဘဲ ထည့်ပါလို့ပြောတယ်၊ အဲဒီမှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က အစိုးရကနေရွေးထားတဲ့ ခရိုင်ရုံးဆောက်တဲ့နေရာကို ကန့်ကွက်ဆန္ဒပြခဲ့တယ်၊ နောက်တစ်ဖွဲ့က ထောက်ခံကြောင်း ဆန္ဒပြတဲ့အဖွဲ့ရှိတယ်၊ အဲဒီထောက်ခံကြောင်း ဆန္ဒပြတဲ့အဖွဲ့ထဲမှာပါတဲ့ တစ်ယောက်ကိုကျတော့ ကြိုဆိုရေးအဖွဲ့မှာ ထည့်ထားပြန်တယ်၊ ကျွန်တော်တို့ဘက်ကိုကျတော့ ကြိုဆိုရေးအဖွဲ့မှာ မပါခိုင်းဘဲနဲ့ သူတို့အဖွဲ့ကိုကျတော့ပါခိုင်းတာကို မကျေနပ်ဘူးပေါ့”ဟု မတူပီမြို့ မြို့မိမြို့ဖကော်မတီ အတွင်းရေးမှူး ဦးတင့်မီလ်ကပြောသည်။

ဒုသမ္မတကြိုဆိုရေးအဖွဲ့ထဲတွင် မြို့မိမြို့ဖဘက်မှ ငါးဦးကိုသာရွေးချယ်ထားပြီး ခြောက်ဦးမှာ အရွေးမခံရကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပါတ်သတ်ပြီး မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်း အားဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့က ညွှန်ကြားချက်ပေးထားတာမရှိဘူးဗျ”ဟု ဖြေကြားခဲ့သည်။

မတူပီမြို့တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကြိုဆိုရေး မုဒ်ဦးဆောက်ရန် ဒေသခံများထံမှ အလှူငွေကော်ခံမှုများလည်းရှိနေပြီး ဒေသခံအချို့မှ သဘောမတူမှုများ ရှိနေကြောင်း သိရသည်။

ဒုသမ္မတကြိုဆိုစဉ် ဆန္ဒပြခဲ့သည့်သူများမပါဝင်ရန် မြို့နယ်အုပ်ရေးမှူးမှညွှန်ကြားထားကြောင်း မြို့မိမြို့ဖအစည်းအဝေးတွင်ပြောခဲ့သည့် မြို့မိမြို့ဖ ဥက္ကဌအား ချင်းဝေါလ်မီဒီယာမှ အကြိမ်ကြိမ် ဆက်သွယ်ရန်ကြိုးစားသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်းသိရသည်။