Headlines

ကလေးမြို့မှ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် ၁ ဦးအတွက် ကျပ် ၁ သိန်းအထိရှိလာ

ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် တစ်ဦး အတွက် ကားခ ကျပ် ၁ သိန်းအထိ ရှိလာကြောင်း ၊ကလေးမြို့မှ တီးတိန်မြို့ အတက်ကားခ ကျပ် ၈ သောင်းရှိလာကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရပါတယ်။

ကားခနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ အထိ ကလေး-တီးတိန်-ဖလမ်း-ဟားခါး အကြားပြေးဆွဲနေတဲ့ ယာဉ်လိုင်းများကို မေးမြန်းချက်များ အရ ကလေး-ဟားခါး အတက် ခရီး အတွက် ကျပ် ၁ သိန်း (နောက်ခန်း ထိုင်ခုံများ အတွက် လျော့ဈေး ရှိ) အဆင်း ကျပ် ၈ သောင်း ရှိကြောင်း၊ ကလေး-ဖလမ်း အတက် ခရီး ကျပ် ၁ သိန်း၊ အဆင်း ကျပ် ၈ သောင်း ရှိကြောင်း၊ ကလေး- တီးတိန် အတက်ခရီး ကျပ် ရှစ်သောင်း၊ အဆင်း ကျပ် ခုနစ်သောင်း ရှိကြောင်း၊ ကလေး-တီအိုချောင်း (ရိဒ်ခေါဒါရ်မြို့) မှာမူ အတက်ရော၊ အဆင်းပါ ကျပ် ၂ သိန်း ရှိကြောင်းသိရှိရ ပါတယ်။

ယခုနှစ် ဇွန်လ အစောပိုင်း ကနေ သက်ဆိုင်ရာ အဖွဲ့အစည်းများ မှ သိုင်းငင်း လမ်းခွဲ ကို ပြန်ဖွင့် ပေးခဲ့ခြင်း ကြောင့် ပုံမှန်ကားလမ်းမကြီး အတိုင်း ပြန်လည် ‌ပြေးဆွဲ နိုင်သော်လည်း ဆီဈေး တက်ခြင်း၊ လမ်းကြေးဂိတ်ကြေးများ အများအပြား ပေးဆောင် ရခြင်းကြောင့် ကားခ နှုန်းထားများ လျော့ချပေးရန် အခက်အခဲ ကြုံတွေ့ရကြောင်း၊ ယာဉ် တစ်စီး အတွက် ချင်းတောင် တစ်ခေါက် တက်ပါကလမ်းကြေး အဖြစ် အနည်းဆုံး ‌ကျပ် လေးသိန်း ခန့် ကုန်ကျကြောင်း ကလေးနဲ့တီးတိန်-ဖလမ်း-ဟားခါးအကြားပြေးဆွဲနေတဲ့ ယာဉ်လိုင်းတာဝန်ရှိသူတွေဆီ မေးမြန်း ချက်အရ သိရှိရ ပါတယ်။

“နောက် အခက်အခဲ တစ်ခုက၊ ခရီးသည် နည်းတာ ကြောင့်လည်း ပါတယ်။ ဟားခါး ကျတော့ ရုံးကိစ္စ၊ နိုင်ငံကူး လက်မှတ် ကိစ္စ စတာတွေ ကြောင့် အသွားအလာများတော့ ကားသမားတွေ အတွက် တခြား မြို့တွေထက် ပို အ‌ဆင်ပြေတယ်။ ဟားခါး က ခရီးလည်း ဝေးတော့ လုံခြုံရေးအရ ဆိုင်ကယ်နဲ့ သွားလာတာ လည်း နည်းတယ်လေ” လို့ တီးတိန်မြို့ ဘက် ပြေးဆွဲသော ယာဉ်မောင်း တစ်ဦး က မှတ်ချက် ပြုခဲ့ ပါတယ်။

လက်ရှိတွင် ကလေး-ဟားခါး-ရန်ကုန် လမ်းကြောင်း သွားလာနိုင်ခြင်း ကြောင့် ဟားခါးနဲ့ ကလေးကြား သွားလာသူ ပိုမို များပြား လာကြောင်း၊ ကလေး-ဟားခါး-ရန်ကုန် လမ်းကြောင်း အတွက် ကားခ ကျပ် ၂သိန်း ၄ သောင်း ကုန်ကျတယ် လို့လည်း ခရီးသွား တစ်ဦးထံမှ သိရှိခဲ့ရ ပါတယ်။

“ဟားခါး ပြေးဆွဲတဲ့ လိုင်းတွေက လွှဲရင် တခြားမြို့တွေ က ပုံမှန် မဆွဲနိုင်ဘူး။ ယာဉ်လိုင်းတွေ အပေးအယူ လုပ်ရတယ်။ ရှိတဲ့ ခရီးသည်တွေ ပေါင်း ပြီး တစ်စီး ပဲ ပေးထွက် တာမျိုး လုပ်ရတယ်။ လိုင်း ပျက်မသွားအောင် ထိန်း နေရပါတယ်” လို့ ဖလမ်း ဘက် ပြေးဆွဲတဲ့ ယာဉ်လိုင်းကတာဝန်ရှိသူ၁ဦးက ပြောပါတယ်။

“နယ်စပ်သွားမယ့် လူစီးသီးသန့် ကတွေကတော့ မံဆောင်းတံတား ဖောက်ခွဲ ခံရတာကြောင့် ကပ်တဲလ် တံတား ဘက်ကို သွားရတယ်။ မြေသားလမ်း ဆိုတော့ မိုးတွင်းမှာ အတော်လေး ခက်ခဲတယ်” လို့ ရိဒ်ခေါဒါရ် နယ်စပ်မြို့ ကို ပြေးဆွဲတဲ့ ယာဉ်မောင်း တစ်ဦး ကပြောပါတယ်။

တန်ဆာခ တွေ အနေနဲ့ဆန်တအိတ် လျှင် ကလေး-ဟားခါး ကို ကျပ် နှစ်သောင်း၊ ကလေး-ဖလမ်း ကို ကျပ် တစ်သောင်းခွဲ၊ ကလေး-တီးတိန် ကို ကျပ် နှစ်သောင်း စသဖြင့် အသီးသီး ကုန်ကျတယ် လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *