Headlines

တီးတိန်မြို့မှာ ရေ ပေးဝေသူ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတဖက်ပြတ်၊ ပြည်သူ့ဆေးရုံတွင် ကုသနေ

ဩဂုတ်၂၃ ရက်နေ့မနက် ၇ နာရီခန့် တွင် ရေဖွင့်ရန် တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး တောင်ကုန်းထက်သို့ သွားစဉ် တီးတိန်မြို့ က ရေ ပေးဝေသူ အသက် ၄၅ နှစ်ခန့် အရွယ် ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn) ဟာ ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာ မိုင်းနင်းမိပြီး ယာဘက် ခြေထောက် ဒူး အောက်နား ကနေ ပြတ်သွား ကြောင်း တီးတိန်မြို့နေ ပြည်သူတွေဆီကသိရပါတယ်။

“သူ့ကို ပြည်သူ့ဆေးရုံ မှာ ကုနေပါတယ်။ ခွဲခန်းထဲ ဝင်နေတုန်းပါ။ အသက်အန္တရာယ် တော့ မရှိဘူး လို့ သိရတယ်။ သူ နေတိုင်း သွားလာနေတဲ့ နေရာမှာပဲ ဖြစ်သွားတာပါ” လို့ တီးတိန်မြို့ခံ ၁ ဦးက Chin World Media ကိုပြောပြပါတယ်။

အရင်နေ့က ယင်း ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အနားတဝိုက်မှာ သေနတ် ဖောက်သံ သုံးလေးချက် ကြားရကြောင်း၊ ဘာကြောင့် ပစ်ဖောက်သည်ကို မသိရကြောင်း၊ ဒီနေ့ ဩဂုတ်လ ၂၃ ရက် မနက်မှာ ရေခလုတ်ထိန်းသူ Pa Thawn မှ ရေဖွင့်ရန် ရေထိန်းခလုတ် ရှိရာသို့ သွားရောက်စဉ် ယင်း ကဲ့သို့ မိုင်းနင်းမိခြင်း ဖြစ်ကြောင်း၊ မိုင်း အန္တရာယ် ရှိနိုင်သည့် အတွက် မြို့မ ရပ်ကွက်ရဲ့ တောင်ကုန်းဘက်တွင် ရှိသော ပြည်သူ့ ဆေးရုံ ဝန်ထမ်း အိမ်ယာ အထက်နား နှင့် Tedim Theology College ပရဝုဏ် အတွင်းတွင် ဝင်ထွက်သွားလာမှု မပြုလုပ်သင့်ကြောင်း မြို့ခံတွေရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

မေလ ၂၆ နေ့ကစတင်ခဲ့သော တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့တွင်း ရေပေးရေဝေမှုများ ပျက်စီး ပြတ်တောက်ခဲ့ရာမှ ဒေသခံများမှ ပြန်လည် ပြုပြင်ပြီး ဇူလိုင် ၈ ရက်နေ့ကစပြီး ပုံမှန် အတိုင်း ရေများ ပြန်လည် ပေးဝေ နိုင်ခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ကလည်း တီးတိန်မြို့ မြို့မရပ်ကွက် တောင်ကုန်းထက်ရှိ နတလ ခြံဝန်း အတွင်းတွင် ခွေးများ ဆော့ကစားရာမှ စစ်ကျန် မိုင်း နင်းမိပြီး ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *