Input your search keywords and press Enter.

ချင်းပြည်နယ်ရဲ့တကယ့် ဖွံ့ဖြိုးမှုကို ဘယ်လို ဦးတည်မလဲ

 

သွေး (စစ်ကိုင်း)

 

ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူတစ်ဦးချင်းစီကနေ လူအဖွဲ့အစည်း တစ်ရပ်လုံးထိ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံအေးချမ်းမှု ရှိမှသာ၊ တိုးတက်မှုဆီ ဦးတည်မှသာ တကယ့်ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှု အတွက် အစိုးရဘက်က ဘယ်လို ဦးတည် လုပ်ဆောင်ပေးသင့်ပါသလဲ၊ ပြည်သူတွေဘက်က ဘာတွေ ဘယ်လို တောင်းဆိုသင့် ပါသလဲ ဆိုတာ တင်ပြပါမယ်။

ကျမတို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသ အားလုံးမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့ လိုအပ်သလို ဖွံဖြိုးမှု ရှိမှသာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်နိုင်မှာပါ။ အဆင်းရဲဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမှသာ ပညာရေး၊ ကျန်းမာရေး၊ စီးပွးရေး၊ လူနေမှုအဆင့် စတဲ့ ကဏ္ဍတွေမှာ မြင့်မားလာမှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာ အဆောက်အဦတွေ ကောင်းမွန်လာတာက တကယ့်ဖွံ့ဖြိုးမှု မဟုတ်သေးဘဲ တကယ့် ဖွံ့ဖြိုး တိုးတက်မှုက အဲဒီ အပေါ်ယံသဘောထက် ပိုမိုလေးနက်ပါတယ်။

လမ်းတွေဖောက်တာ၊ တံတားတေွ ဆောက်တာ၊ လျှပ်စစ်မီးတွေ ပိုရတာ၊ ရေရရှိရေး ဆောင်ရွက်ပေးတာတွေဟာ ဘယ်အစိုးရပဲ တက်တက် နိုင်ငံတော်က လုပ်ဆောင်ပေးရမယ့် အခြေခံအဆောက်အအုံတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေထံက ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေနဲ့ အခြေခံအဆောက်အအုံတွေ ကောင်းမွန်ရေး ဆောင်ရွက်ပေးဖို့ နိုင်ငံတော်မှာ တာဝန် ရှိနေလို့ပါပဲ။ ဖွံ့ဖြိုးမှု ဆိုရာမှာ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု”၊ “စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု”၊ “မြေယာ ဖွံ့ဖြိုးတိုးတက်မှု” စတဲ့ အခြေခံတွေ ပါဝင်ပါတယ်။


ကျမတို့ အနေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံတွေကို ဘယ်လို အချက်တွေနဲ့ တိုင်းတာသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံဆိုတာ စက်မှုထွန်းကားသလို ပြည်သူတွေရဲ့ တစ်ဦးချင်း ဝင်ငွေ မြင့်မားမှုပေါ်လည်း မူတည်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေလောက် တစ်ဦးချင်းဝင်ငွေ မများတာ တွေ့ရပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အများဆုံး တေွ့ရတဲ့ အချက်တွေက စွမ်းအင်အလုံအလောက် မရရှိမှု၊ ရေထုညစ်ညမ်းမှု၊ ကူးစက်ရောဂါ ဖြစ်ပွားမှု အချိုး မြင့်မားမှု၊ ပညာရေး အဆင့်နိမ့်ကျမှု၊ အဂတိလိုက်စားမှုတွေပါပဲ။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေကတော့ အဲဒီအချက်တွေ အပြင် လူတစ်ဦးချင်းစီရဲ့ ၁ နှစ် ပျမ်းမျှဝင်ငွေဟာ အမေရိကန် ဒေါ်လာ (၁၀၂၅) အောက် လျော့နည်းတာ၊ အဟာရ မပြည့်ဝမှုနဲ့ စာတတ်မြောက်မှုနှုန်း နည်းပါးနိမ့်ကျတာတွေကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အနေအထားကို ကြည့်ရင် လူတစ်ဦးချင်း ဝင်ငွေ ၁ နှစ် ၁၂၄၅ ဒေါ်လာမှာပဲ ရှိလို့ တော်တော်လေး နည်းပါးနေဆဲပါ။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းက လွတ်‌မြောက်လာပြီ ဆိုပေမဲ့ အများကြီး ရုန်းကန်ရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

ချင်းပြည်နယ်မှာဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေဆဲ ဖြစ်လို့ တစ်ဦးချင်း ဝင်ငွေလည်း နည်းပါးနေဆဲ ဖြစ်တာ တေွ့ရပါတယ်။ များသောအားဖြင့် ချင်းတိုင်းရင်းသား တွေဟာ တောင်ယာစိုက်ပျိုးမှုနဲ့ အသက်မွေးရတာပါ။ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်ကြောင့် တောင်ယာစိုက်ပျိုးမှုကနေ ရရှိလာတဲ့ ဝင်ငွေဟာ မိသားစု တစ်ခု အတွက် မလုံလောက်တဲ့ အနေအထားထိ ဖြစ်လာပါတယ်။

တကယ်လို့ ခေတ်မီတဲ့ စိုက်ပျိုးနည်းပညာတွေ ပံ့ပိုးပေးနိုင်ခဲ့မယ်၊ ထွက်ရှိလာတဲ့ သီးနှံတွေ အတွက် စျေးကွက်ရှာဖွေ ဖော်ဆောင်ပေးမယ် ဆိုရင် တောင်ယာက ရရှိခဲ့တဲ့ ဝင်ငွေ မြင့်မားလာစေမှာပါ။ တချို့နိုင်ငံတွေမှာ အစိုးရကိုယ်တိုင် ဦးဆောင်ပြီး စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ အရည်အသွေး မြင့်မားလာအောင် ကူညီတာ၊ လယ်သမားတွေကို စျေးကွက်ရအောင် ကူညီတာတွေ ရှိပါတယ်။ ဥပမာ အားဖြင့် လယ်ယာစိုက်ပျိုးရေး အပေါ် မှီခိုနေရတဲ့ အာဖရိကတိုက်က “မာလာဝီ” နိုင်ငံမှာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှု အတွက် အားပေးကူညီမှုတွေ ဖော်ဆောင်တာမျိုးပါ။

လက်ရှိအနေအထားမှာ တောင်ယာစိုက်ပျိုးမှုနဲ့ စားဝတ်နေရေး မဖူလုံလို့ ‘ဝဥ’ စိုက်ပျိုးပြီး ဝင်ငွေရှာနေရတဲ့ မိသားစုတွေ ချင်းပြည်နယ်မှာ အများကြီး ရှိတယ် လို့ သိရပါတယ်။ ပြီးတော့ နိုင်ငံရပ်ခြား ရောက်နေတဲ့ ဆွေမျိုးတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေထိုင်နေရတဲ့ သူတွေလည်း အများအပြားပါ။ ‘ဝဥ’ တွေကို အဓိက ဝယ်ယူတာက တရုတ်နိုင်ငံ ဖြစ်ပြီး အခုလို ကိုဗစ်ကပ်ဘေး ကာလမှာ တင်ပို့ရောင်းချဖို့ အဆင်မပြေ ဖြစ်နေပါတယ်။

တောင်ယာစိုက်ပျိုးရေး သက်သက်နဲ့ မိသားစု မဖူလုံတဲ့ အတွက် ‘ဝဥ’ ကို ချင်းဒေခသခံတွေ စိုက်ပျိုးလာကြတာ ဖြစ်ပြီး မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးတယ် လို့ သိရပါတယ်။ တကယ်လို့သာ အစိုးရဘက်က ‘ဝဥ’ တင်ပို့ ရောင်းချနိုင်မယ့် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးမယ်၊ စျေးကွက်သစ်တွေ ဖော်ဆောင်ပေးမယ် ဆိုရင် ချင်းတိုင်းရင်းသား ဒေသခံတွေ အတွက် အဆင်လည်းပြေ၊ ဝင်ငွေလည်း ပိုမို ရလာမှာပါ။

ချင်းပြည်နယ်မှာ နောက်ထပ် စျေးကွက်ထဲရောက်အောင် ကူညီပေးသင့်တာက ‘ကော်ဖီထုတ်လုပ်မှု’ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ မင်းတပ်မြို့နယ်က ထွက်ရှိတဲ့ ကော်ဖီကို ပြည်ပသို့ တင်ပို့နိုင်ပြီ ဆိုပေမဲ့ ပမာဏအားဖြင့် နည်းပါးနေပါသေးတယ်။ စိုက်ပျိုးရေးက ထွက်ရှိတဲ့ ပစ္စည်းတွေကို တန်ဖိုးမြှင့် (Value Added) ထုတ်ကုန်တွေ အဖြစ် ထုပ်လုပ်နိုင်တဲ့ စက်ရုံတွေကို ချင်းပြည်နယ်မှာ တည်ထောင်ပေးနိုင်မယ် ဆိုရင် ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ရရှိမှာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ကျောင်းတက်ဖို့၊ ပညာသင်ဖို့ စာသင်ကျောင်း ရှိရာကို ခက်ခက်ခဲခဲ သွားနေရတဲ့ ကျောင်းသား ကျောင်းသူတွေ အများကြီးပါ။ ပညာရေးကဏ္ဍဖွံ့ဖြိုးလာဖို့ အရေးအကြီးဆုံး အချက်က ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ပညာသင်ယူခွင့် ရအောင် ကူညီပေးရမှာပါ။ တချို့ကျေးရွာကြီးတွေမှာ အလယ်တန်း ကျောင်းတွေကို အထက်တန်းကျောင်းခွဲတွေ တိုးမြှင့်ဖွင့်လှစ်ပေးတာကို ကြိုဆိုရမှာပါ။ ဒါပေမဲ့ ဆရာအင်အား မလုံလောက်မှုနဲ့ တွေ့ကြုံနေရတယ် လို့လည်း ကြားသိရပြန်ပါတယ်။

စာသင်ကျောင်းတွေကို အဆင့်တိုးမြှင့်မယ် ဆိုရင် လုံလောက်တဲ့ ဆရာ/ဆရာမ အင်အားကို ကြိုတင် စီစဉ်စဉ်းစား ထားရမှာ ဖြစ်သလို ဝေးလံတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို လိုအပ်တဲ့ ပံ့ပိုးမှုတွေပါ ပေးအပ်ဖို့ လိုပါတယ်။ ပြီးတော့ တိုက်ပွဲတေွကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိသားစုတွေရဲ့ ကလေးငယ်တွေ ပညာသင်ယူခွင့် မဆုံးရှုံးအောင် စီစဉ်ပေးဖို့လည်း လိုနေပါသေးတယ်။

ပညာရေးလိုပဲ နောက်ထပ် အရေးပါတဲ့ ကဏ္ဍတစ်ရပ်က ကျန်းမာရေးပါ။ ကျန်းမာရေး ဝန်ထမ်းတွေ၊ သူနာပြုတေွ၊ ဆရာဝန်တွေ လုံလုံလောက်လောက် ရှိမှသာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးစွမ်းနိုင်မှာပါ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ တိုက်ပွဲတေွကနေ ထွက်ပြေးတိမ်းရှောင်လာသူ ထောင်ချီရှိပေမဲ့ ဆရာဝန် တစ်ယောက်မှ မရှိဘူး လို့ သိရပါတယ်။

ဆမီးမြို့မှာ တိုက်ပွဲရှောင် စခန်း ၅ ခုရှိပြီး လူဦးရေ ၃၄၃၆ ယောက်နဲ့ ဒေသခံ ၄၀၀၀ ကျော်နီးပါး နေထိုင်ကြပါတယ်။ အဲဒီမှာလည်း ဆရာဝန် တစ်ယောက်မှ မရှိတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ မီးဖွားရာမှာ အခက်အခဲတွေ တွေ့ကြုံနေရသလို ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ် လို့ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ‘ဆလိုင်းမျိုးထိုက်’ က Chin World မီဒီယာကို ပြောကြားထားတာ တေွ့ရပါတယ်။

တကယ်တမ်းမှာ အစိုးရ အဆောက်အဦတွေ ဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေ၊ မီးသတ်ရုံးတွေ၊ ရိပ်သာတွေကို အဆင့် မြှင့်တင်ရေး၊ ထိန်းသိမ်းရေး ကိစ္စရပ်တွေ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က နှစ်စဉ် ဘတ်ဂျက် သီးသန့် ချထားပေးပြီး ဖြစ်သလို လိုအပ်သလို တောင်းခံလာတဲ့ ငွေကြေးကိုလည်း စိစစ်ခွင့်ပြုပေးနေတဲ့ လုပ်ငန်းစဉ်တွေ ရှိပြီး ဖြစ်ပါတယ်။

ပြည်သူတွေဘက်က အစိုးရရုံးတွေကို အဆင့်မြှင့်ပေးဖို့ တောင်းဆိုတာထက် ပိုပြီး ပြည်သူတွေ အတွက် အခြေခံကျတဲ့ တစ်ဦးချင်း ဝင်ငွေ မြင့်မားလာရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့၊ ကျန်းမာရေး ကဏ္ဍလိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့၊ ပညာရေးကဏ္ဍအတွက် ပညာသင်ယူခွင့် အပြည့်အဝ ရရှိပြီး ဆရာ/ဆရာမ အင်အား လုံလုံလောက်လောက် ရရှိဖို့ စတဲ့ အချက်တွေ တောင်းဆိုတာက  အဓိက ကျပါတယ်။

‌ဒေသတွင်း ခေတ်မီကောင်းမွန်တဲ့ စိုက်ပျိုးရေး နည်းပညာတွေ ရရှိမှ၊ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမောမှ၊ ထွက်ရှိလာတဲ့ ကုန်စည်သီးနှံတွေ အတွက် ခိုင်မာတဲ့ စျေးကွက်ဖော်ဆောင်နိုင်မှသာ ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုက လက်ရှိ အနေအထားမှ နောင်အရှည်သဖြင့် ဖွံ့ဖြိုးမှုကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။         ။