Headlines

တီးတိန်မြို့နယ်မှာ ၅ နှစ် အရွယ် စစ်ရှောင် ကလေး ချောက်ထဲကျ သေဆုံး

ဒီဇင်ဘာလ ၂၂ ရက်။

ဒီဇင်ဘာလ ၂၁ ရက်ညနေပိုင်းမှာ တီးတိန်မြို့နယ် လိုင်ဘုံ ကျေးရွာ လမ်းမကနေ အောက်ချောက်ကမ်းပါးထဲကျပြီး ၁၆ နာရီကျော် ပျောက်ဆုံးနေခဲ့တဲ့ တိုက်ပွဲများကြောင့် တီးတိန်မြို့နယ် အာလွယ်ရွာမှ လိုင်ဘုံရွာကို လာရောက်ခိုလှုံ စစ်ရှောင်နေတဲ့ မိသားစုမှ အသက် ၅ နှစ်အရွယ် ကလေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိ ကယ်တင်ခဲ့အပြီး မိနစ်ပိုင်း အတွင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံရွာသား များထံမှ သိရပါတယ်။

“ကလေး က သူ့ သူငယ်ချင်း နှစ်ယောက် နဲ့ ဘောလုံး ကစားရင်း လမ်းမကြီး အတိုင်း ချောင်းဘက်ရှိ ရေအားလျှပ်စစ် စက်ရုံကို သွားကြည့်ဖို့ ထွက်ကြတာ။ ဘောလုံး က လမ်းအောက် ကျသွားတော့ သွားရှာဖို့ ထွက်ရင်း သေဆုံး သူက အရမ်း မောတော့ လမ်းတဝက် ကနေ သူ့ကို စောင့်ခိုင်း ကြတယ်။ ကျန် နှစ်ယောက် က ဘောလုံးကို ပြန်မရ တော့ ပြန်လာကြတယ်။ ဒါပေမယ့် သူတို့ သူငယ်ချင်း က စောင့်တဲ့ နေရာ မှာ မရှိဘူး။ သူတို့ အော်ခေါ် သေးတယ်။ ပြန် မထူး တော့ ရွာထဲ ပြန်လာပြီ မှတ် လို့ သူတို့လည်း ပြန်လာပြီး သူ့ မိဘ တွေဆီ သွား ပြောကြတယ်။ မိဘ တွေက ရွာထဲ ကို ရှာပြီး မိုးချုပ် လို့ မတွေ့တော့မှ ရွာ လူကြီးတွေ ဆီ လာတိုင်ကြတယ်။ တရွာလုံး ထွက်ပြီး တည လုံး ရှာခဲ့ ပေမယ့် မတွေ့ခဲ့ဘူး” လို့ လိုင်ဘုံ ရွာသား တစ်ဦး က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကလေး ပျောက်ခဲ့ရ ပုံ နဲ့ ပတ်သက်ပြီး ပြောပြ ခဲ့ ပါတယ်။

“တညလုံး မိုးရွာပြီး၊ အရမ်းအေးတယ်။ လူငယ်တွေက ည နက်တော့ အိမ် မပြန် ကြတော့ဘူး။ သူတို့ အိမ်မှာ နားပြီး ထမင်း ချက်ကြတယ်။ ထမင်း စားပြီး မိုးလင်းတာနဲ့ ပြန်ရှာဖို့ ထွက်ကြတယ်။ မနက် ၈ နာရီ ကျော်ကျော် မှာ ကမ်းပါးယံမှာ ခြေထောက် လိုလို တွေ့ လို့ တက်ကြည့်တော့ သူဖြစ်နေတယ်” လို့ ပြန်လည် ‌တွေ့ရှိပုံကို အဆိုပါလိုင်ဘုံရွာသားကပြောပြပါတယ်။

ကလေးကိုတွေ့ရှိတဲ့ အချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံး အေးစက် နေပြီ ဖြစ်ကြောင်း၊ ခေါင်းတခုလုံး ဒဏ်ရာတွေ နဲ့ ပြည့်နေပြီး မျက်လုံး တဖက်လည်း ဖူးယောင် နေကြောင်း၊ ရေတိုက် ကြည့်တော့ လျှာ တချက် လှုပ်လာပြီးနောက် မည်သည့် လှုပ်ရှားမှု မှ မရှိတော့ ကြောင်း၊ ဒီမနက် ၉:၁၅ တွင် သေဆုံး သွားခဲ့ကြောင်း ထပ်မံ သိရှိခဲ့ရ ပါတယ်။

သေဆုံးသူဟာ Tg Kai Lamh Tuang အသက် ၅ နှစ် ဖြစ်ပြီး သူတို့မိသားစုဟာ ကလေး-တီးတိန် လမ်းမဘေး ရှိ အာလွယ်ရွာတွင် နေထိုင်ကြရာ မှ စစ်ပွဲကြောင့် လိုင်ဘုံရွာတွင် လာရောက်ခိုလှုံ စစ်ရှောင် နေကြသူများ ဖြစ်တယ် လို့လည်း သိခဲ့ရပါတယ်။

သေဆုံးသူကိုတော့ ခရစ်ယာန် ထုံးစံ အတိုင်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လိုင်ဘုံရွာမှာ သင်္ဂြိုလ် သွားမယ်လို့ ဆက်လက်သိရှိ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *