နိုဝင်ဘာလ ၂၂ ရက်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၁ ရက်က ဖလမ်းမြို့တိုက်ပွဲမှာလေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးခဲ့ကာ ၊မင်းတပ်မြို့မှာလည်း နိုဝင်ဘာလ ၂၁ ရက်ညက တညလုံးနီးပါး ပစ်ကူတွေတောက်လျှောက်ပေးနေကြောင်း၊ ဖလမ်းမြို့နဲ့မင်းတပ်မြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီမှ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူမျိုးစုံနဲ့စစ်ကောင်စီတပ်ကခုခံနေကြောင်း၊ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများရရှိထားကြောင်း၊ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာမှာ ချင်းညီနောင်အဖွဲ့တာဝန်ရှိသူတွေပြောကြားချက်အရသိရပါတယ်။
“မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)မှပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ဖလမ်းမြို့တို့မှာ အောင်မြင်မှု အများအပြား ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောပါတယ်။
“အခုဆိုရင် ဖလမ်းမှာလည်း အောင်မြင်မှုတွေ အများကြီးရရှိထားတာ ရှိပါတယ်။ ကျနော်တို့ မင်းတပ်မှာလည်း တော်တော်လေး အောင်မြင်မှုတွေ ရရှိထားပါပြီ။ ဆိုတော့ပြည်သူလူထုအတွက်လည်း အားတက်စရာပေါ့လေ။ တိုက်ပွဲတွင်း ဘေးထွက်ဆိုးကျိုး နည်းအောင် စီမံခန့်ခွဲတဲ့အခါမှာ တိုက်ပွဲသတင်း အောင်မြင်မှုတွေကို အချိန်နဲ့ တပြေးညီ မပေးနိုင်တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ အသက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အခါကြတော့ ဒါကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်” လို့ CDF Mindat စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောပါတယ်။
နိုဝင်ဘာလ ၉ ရက်မှ စတင်ပြီး မင်းတပ်နဲ့ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ချင်းညီနောင်စစ်ဆင်ရေး(CB Operation) အဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်းသိရပါတယ်။
Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) ၊CDF-Mindat ၊ CDF-Kanpalet ၊CDF-Matupi တပ်မဟာ (၁)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။