ဒီဇင်ဘာလ ၁၇ ရက်။
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလဖြစ်သလို လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုချိန် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ကာလဖြစ်လို့ လေကြောင်းတိုက်ိုခိုက်မှုလည်း ပိုများလာတာကြောင့် အခမ်းအနား ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့်လည်း ကြေညာထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်း ၅ နာရီခွဲဝန်းကျင်မှာလည်း ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို ၁၂၀ ဗုံးသီး ၃ လုံးတွဲ၊ ၅ လုံးတွဲ၊ ၈ လုံးတွဲတွေနဲ့လည်း ၁၁ ကြိမ် ဗုံးသီး ၆၀ ကျော်နဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လ ရှိလာပြီဖြစ်ပြီး ဖလမ်းနဲ့မင်းတပ်မြို့က စစ်ကောင်စီတပ်စန်း တော်တော်များများကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိထားရပါတယ်။