စစ်ကိုင်းတိုင်းအတွင်း ဒီနှစ်၂၀၂၄ ခုနှစ်၊ (၇)လအတွင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၄၉၉ ဦး သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှုအများဆုံးခရိုင်တွေထဲ ချင်းလူမျိုးအများအပြားနေထိုင်တဲ့ ကလေးခရိုင်လည်း ပါဝင်တယ်လို့ ပြည်တွင်းသုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်အတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုကြောင့် အရပ်သား ၄၉၉ ဦးသေဆုံးပြီး ၄၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးခရိုင်၊မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေက အခြားခရိုင်တွေထက် အရပ်သားသေဆုံးမှု သိသိသာသာများပြီး စုစုပေါင်းရဲ့ ၃၄၉ ဦး ရှိတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။
အကြမ်းဖက်မှုကြောင့် သေဆုံးရတဲ့ အရပ်သားသေဆုံးမှုက လစဉ် သေဆုံးသူ ပျမ်းမျှ ၇၁ ဦးနှုန်းရှိပြီး၊ ထိခိုက်ဒဏ်ရာရ အရပ်သား ပျမ်းမျှ ၆၆ ဦးနှုန်း ရှိနေကြောင်း Data for Myanmar ရဲ့ ဇူလိုင်လ အစီရင်ခံစာ အရ သိရပါတယ်။
ချင်းလူမျိုးတွေ အများအပြားနေထိုင်နေတဲ့ စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့နယ်မှာပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစလို့ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု များပြားခဲ့သလို ကလေး – လက်ပံချောင်း – ရာဇဂြိုလ်ကားလမ်း ဘေးမှာရှိတဲ့ ကျေးရွာတွေက နေအိမ်ပေါင်းထောင်ချီလည်း စစ်ကောင်စီတပ့်ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အရပ်သားသေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းက အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့လည်း Data For Myanmar ရဲ့ အစာရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း စစ်ကိုင်းတိုင်းမှာ အရပ်သား သေဆုံးသူ ၁၀၆ ဦး ရှိခဲ့ပြီး ၁၉၀ ဦးက ဒဏ်ရာရခဲ့ပါတယ်။ ဒီနှစ်အတွင်း အရပ်သားသေဆုံးသူတွေထဲ အသက် ၁၈ နှစ်အထက် အမျိုးသားတွေက ၆၀ ရာခိုင်နှုန်းနီးပါးရှိပြီး အမျိုးသမီးနဲ့ ကလေးသူငယ် သေဆုံးရတဲ့ အဓိကအကြောင်းအရင်းက လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်လို့လည်း Data for Myanmar ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။