




By ဟာရှိန်း
လွမ်းရသောနှစ်များဖြစ်ပါသည်။ ကျောင်းလမ်းထိပ်ရှိ စိန်ပန်းပြာများသည် ကျနော်တို့ တေးသီသံဖြင့်ပွင့်သောနှစ်များဖြစ်ပါသည်။ ကျနော်တို့၏ ညနေကျောင်းဆင်းချိန်များသည် ကောင်မလေးများကို
မင်းနဲ့မှချစ်တတ်ပြီ ၊ရင်ခုန်ရလွန်းလို့ရူးမှာပဲ ဟု ဖိုသံပေးခဲ့ကြသော လေပြည်ညှင်းသွဲ့သံများကို တင်ဆောင်ခဲ့ကြသည်။ မင်းအတွက်အချိန်တိုင်းတွေး ဘုန်းကြီးကျောင်းက ကောင်မလေးသည် ဥပုသ်နေ့နောက်တစ်ရက် စာသင်ချိန်ဖြစ်ပါသည်။
ထို့နောက် ပြန်ဆုံမယ့်ညနေသည် ပျံဝဲရောက်ရှိလာခဲ့ပြီး
ဘဝနဲ့ရင်းပြီးချစ်မယ့်သူကို ရှာဖွေခဲ့ကြသည်။ထို့နောက် လှပသော လေနှင်သူပိုးရည်ကို တိပ်ကာဗာမှဖြတ်ယူ၍ စာအုပ်ကြားညှပ်သိမ်းထားရသော နေ့များဖြစ်ပါသည်။
ထို့နောက်တွင်တော့ ထွဏ်းခမ်သည် ပျောက်ဆုံးဝိဉာဥ် အဖြစ် ရောက်လာသည်။ စွမ်းအားမှ ကျေးလက်တောတန်းဆီ နှုတ်ဆက်မျက်ရည်ဖြစ်ပါသည်။
အဆိုပါနှစ်များ၏ တခုသောဖေဖော်ဝါရီလ။ပျောက်ဆုံးဝိဥာဥ် တေးစီးရီးထွက်ပြီး များမကြာမီ ချင်းအမျိုးသားနေ့ဖြစ်ပါသည်။ထွဏ်းခမ်ရောက်လာသည်။
စတိတ်စင်ပေါ်မှ ညကောင်းကင်စက်ဝန်း၏ စန္ဒာလမင်းဆီလက်ညိုးထိုး၍ ချစ်သူ့လမင်းဟု မြည်တမ်းသံသည် ပဲ့တင်ထပ်သွားသည်။
ငါမြင်ဖူးသမျှ လမင်းတွေထဲမှာ ထွဏ်းခမ်လက်ညိုးထိုးလိုက်တဲ့ လမင်းက အသာဆုံး အလှဆုံး၊ အဲဒီညလောက် လှတဲ့ညလည်းမရှိနိုင်တော့ဟု
ကျနော့်အရီးက ပြောပါသည်။
ကျနော်တို့အိမ်လမ်း
အပေါ်ဘက်တောင်စောင်းတွင် ကိုဇော်လွင်ဦးတို့အိမ်ရှိသည်။ ညနေနေရီချိန်များနှင့် စနေ တနင်္ဂနွေ နေ့လယ်ခင်းများတွင် သူတို့အိမ်ရှိ တိပ်ရီကော်ဒါ မှ ထွဏ်းခမ်သီချင်းများကို လမ်းအောက်ဘက်မှ ကောင်းစွာကြားရတတ်သည်။ ထိုအခါမျိုးတွင် ကျနော့်အရီးသည် ဆွေးရီစွာငေးငိုင်လျက် နှုတ်မှလည်း ထွဏ်းခမ်ကြီးငါလွမ်းလိုက်တာဟာဟု ညည်းတတ်သည်။
ထွဏ်းခမ်၏ ပျောက်ဆုံးဝိဉာဥ် စီးရီးမှသီချင်းများသည် မင်းတပ်ရှိ လူကြီးလူငယ် ကလေးမှအစ ခွေးအဆုံးနှစ်ခြိုက်စွာနားထောင်ကြသည့်ကာလဖြစ်သည်။
ပျောက်ဆုံးဝိဉာဥ် စီးရီးတိပ်ခွေနှင့်သီချင်းစာအုပ်ကို ကျနော်အပိုင်ရခဲ့ဖူးပါသည်။ ကျနော့်ထက်အတန်းကြီးသော အကိုတစ်ယောက်သည် ကျနော့်ကို သရေပင် နှစ်ရာနှင့်နှောင်ကြိုးလေးတစ်မျှင်စီးရီးတိပ်ခွေ+ သီချင်းစာအုပ်နှင့် လဲမလားဟု အမြဲတမ်းမြူဆွယ်ခဲ့ဖူးသည်။ကျနော် မလဲရက်နိုင်ခဲ့ပါ။
စူးရှသောအသံဖြင့် ဟားခါးသူဆုန်သင်းပါရ်ကို လှပစွာကြားရသည်။ ကမ္ဘာကြီးက ကျဥ်းတယ်ဆိုပေမယ့် ချစ်မိတဲ့တို့ကတော့ အရံလူပါကွာပေါ့။မိန်းကလေးများက နေ့ရောညပါ ရွှေပင်လယ်ကြသော ကာလများဖြစ်ပါသည်။
ထိုကာလများတွင် အိန်ဂျယ်တယောထိုးသံသည် အိပ်မပျော်သောညများကို တွန်းဖွင့်ဝင်လာသည်။
မည်သူစလိုက်သည်မသိသော ကောလဟာလ ဇာတ်လမ်းတစ်ပုဒ်လည်း လူပြောများလာခဲ့သည်။
ထူးအယ်လင်း ဆိုက်ကားနင်းရင်း သီချင်းဆိုတာကို ဘောစိတစ်ယောက်ကကြားသွားလို့ သဘောကျပြီးအခွေထုတ်ပေးတာတဲ့။ ဟုတ် မဟုတ်မည်သူမျှ မဆန်းစစ်ကြပါ။
တောင်ပေါ်ဒေသတွင် ဆိုက်ကားလည်းမရှိပါ။ထိုကာလများအထိ ကျနော်သည်ဆိုက်ကားမမြင်ဖူးခဲ့ပါ။
မင်းလေးနားလည်နှင့်အယူခံပြီးနောက် သစ်အိုပင်ရဲ့ကမ္ဘာဆီခိုဝင်နားခဲ့ရသော နွေဦးရာသီများဟု အမှတ်မိပါသည်။ အိန်ဂျယ်တယောစီးရီးတွင် ကျနော်အကြိုက်ဆုံးသီချင်းမှာ….. သို့ ဖြစ်ပါသည်။
ဟိုအဝေးကမြို့ငယ်လေး ကိုယ့်ဘဝရဲ့နှလုံးသားတစ်ခုပဲ။
ထိုကာလများတွင် ဆိုပွဲရွှင်ပွဲများရှိသည့်အခါ ဆောင်းဘောက်ကြီးများကွဲထွက်လုမတတ် ပြင်းရှသော သတ္တုသံကြီးဖြင့် ကိုကီးရှိန်းသည် ခြောက်ခြားည များအဖြစ်လည်း ထူးအယ်လင်းခဲ့သည်ကို ပြန်ကြားနေမိသည်။
ထို့နောက်တွင် ဗီစီဒီ ကာရာအိုကေ ခေတ်ရောက်လာသည်။ ယခင်က ဗီဒိုယိုရုံများတွင် လေးထောင့်ခွေကြီးဖြင့် နားထောင်ခဲ့ရသော ရွက်လွှင့်ခြင်းတို့ တစစီကျိုးပဲ့နေတယ်တို့ခေတ်သည် မှုန်ဝါးကျန်ခဲ့လေပြီ ဖြစ်သည်။
ရင်ဂို၏ ကဗျာ ရွတ်သံရောက်လာသည်။ ဝေဒနာလူ များ ညလမ်းပေါ်ကြဲပြန့်ကုန်သည်။ ထို့နောက် ငါ့သမီးစာကျက်နေတယ်ဖုန်းဆက်လိုက်ရမလားဆိုတော့ ဖုန်းရောရှိလို့လားဟုသံယောင်လိုက်ရသောညများဖြစ်လာသည်။
ကျောင်းလမ်းထိပ်စိန်ပန်းများကားပွင့်လျက်ရှိသည်။မျိုးဆက်သစ်လူငယ်တို့သီချင်းများနှင့်ဖြစ်မည်။အထက်တန်းဆောင်ရှေ့ထိပ် ငုဝါပင်ကြီးကိုသတိရလျှင် အဆက်ဟောင်းတစ်ယောက်ယောက်များ ကိုယ့်ကိုသတိရနေမလားဟု လွမ်းမိသည်။
တက္ကသိုလ်ဝင်တန်းရောက်သောနှစ်သည် ချစ်တတ်သူတိုင်းရဲ့ရင်ခုန်သောနေ့ ၊ ရင်ခုန်သောနှစ်ဖြစ်သည်။ မြန်မာပြည်ရဲ့ Blues ဘုရင် စီးယင်းမျိုးနွယ်သား စီယံ ဦးဆောင်သော စီးရီးဖြစ်သည်။ ထိုသီချင်းခွေကို ကျောင်းအုပ်ဆရာကြီး ဦးအွန်တူဝဲလ်အိမ်တွင် စတင်နားထောင်ခဲ့ဖူးကြောင်း တိတိကျကျ မှတ်မိနေပါသည်။ ဆရာကြီးက တီးတိန်နယ်၊ထုတ်လိုင်သားဖြစ်သည်။ ထိုသီချင်းခွေမှာ စီယံ၊ထွဏ်းခမ်၊ညီရဲ၊ချောစုခင်၊ဆုန်သင်းပါရ်၊ဇမ်နူး၊စီစီဖြူ နှင့်ကြိုးကြာတို့ ပါဝင်ပါသည်။ မြန်မာပြည် ဂီတပရိတ်သတ်အကြား ထွဏ်းခမ်ရေးခဲ့သော ချစ်ကံဆိုး သီချင်းတော်တော် ပျံ့နှံ့ပြီးပေါက်သီချင်းဖြစ်ခဲ့သည်။ သို့ပေမယ့် ကျနော့်အတွက်ကျ အပုဒ်တိုင်းကို ယခုအထိအလွတ်ရနေဆဲဖြစ်သည်။ ထိုစီးရီးမှစ၍ တေးသီချင်းတပုဒ်ကို ကျနော်နားထောင်လျှင် တေးရေးဆရာကို အဦးဆုံး ဂရုပြုမိလာသည်။တန်ဖိုးထားတတ်လာသည်။ အလေးအမြတ်ပြုတတ်လာပါသည်။
နောက်တော့ မန္တလေးရောက် ချင်းတယောက်ဟာ မဟာမြတ်မုနိဘုရား အရှေ့ဘက် သီချင်းစာအုပ်ကလေးတွေ၊အပြာစာအုပ်ကလေးတွေရောင်းတဲ့ လမ်းနံဘေးမှာ။ အဆိုတော်ဂျွန်ဟမ်း၏ သီချင်းစာအုပ်ကို လှန်လှောကြည့်တော့တေးရေး ထွဏ်းခမ်အမည်ကိုတွေ့သောအခါ သွေးခုန်နှုန်းတွေက နွေးထွေးစွာ မြန်လာသည်။ ပြန်ဆုံချိန်တဲ့။ ဒါ ချစ်တတ်သူတိုင်းရဲ့ရင်ခုန်သောနေ့မှာ ထွဏ်းခမ်ကိုယ်တိုင် ဇမ်နူးနဲ့အတူ တွဲဖက်ပြီး ပြန်ဆိုထားတဲ့သီချင်းပါလားဟု အံ့သြဝမ်းသာရသည်။ ထို့နောက်တွင်မှ ထွဏ်းခမ်ရေးပြီး ဂျွန်ဟမ်းဆိုထားတဲ့ အသည်းကွဲဲညများ၊မျှော်လင့်ချက်အလင်းတန်း၊ပုံရိပ်ဟောင်း စတဲ့သီချင်း ရှာဖွေနားထောင်ခဲ့ရသည်။MP3 တခေတ် ဖြစ်ပါသည်။
နောင်တွင် ပုံရိပ်ဟောင်းကို မီးမီးခဲပြန်ဆိုပြီးနောက် တော်တော်များများ၏ နှုတ်ဖျားဆီမှကြားရတတ်သော သီချင်းတပုဒ်ဖြစ်လာသည်။
နောက်ပိုင်းကာလများတွင် ထွဏ်းခမ် အမည်ကိုသိပ်မတွေ့ရ မကြားရ။အချို့က သူချင်းတောင်ပြန်တက်ပြီး တောင်ယာခုတ်နေတယ်ဟု ပြောကြသည်။ကျနော် အတိအကျမသိပါ။ ကျနော့်အတွက်က ချင်းတောင်၏အဝေးတနေရာရောက်နေလျှင် ကျေးလက်တောတန်း Intro ပလွေသံကို အကြိမ်ကြိမ်အပြန်ပြန် နားထောင်ဖို့ရန်သာ သိပါသည်။ ဒီလိုနဲ့ ငါးမည်ရမေမြို့ဆီ သင်တန်းကာလများဖြစ်လာတော့ အောင်ဖြိုးရဲ့စိမ်းလန်းတဲ့နေ့သည် ကျနော့် အိပ်ရာဝင် အိပ်ရာထ တေးသီချင်းများဖြစ်လာသည်။ မြေသားနီနီတောင်စောင်းများ၊ နေကြာပန်းရိုင်းဝါဝါများ၊စတော်ဘယ်ရီခင်းများ အကြား လနဲ့ချီပြီးလက်တွေ့ဆင်းရသော ဆောင်းရဲ့နှင်းရာသီရောက်လာသည်။ ထူးမခြားနားလှသော ဆောင်းရဲ့ နေ့ရက်တခုသည် ကျနော့် အတွက်ဆုလာဘ်တခုကိုယူဆောင်လာပေးခဲ့သည်။ ထိုနေ့က ကွင်းဆင်းရာ အရပ် ပိတ်ချင်းမြောင် ၊မြိုင်ကြီးဘက်မှ ကျနော်မေမြို့သို့ လစာထုတ်ရန် ပြန်တက်ခဲ့သောနေ့။ ခရစ်တော်၏ မွေးနေ့နှင့်နီးကပ်လာသော ဒီဇင်ဘာ၏ နေ့ရက်ဖြစ်ပါသည်။ မြို့ပေါ်ရောက်ခိုက် အင်တာနက်ဆိုင်ဝင်ပြီး ကျနော့် မေးလ်များကို စစ်ကြည့်ရင်း အသစ်ထွက်သီချင်းများကို လိုက်ရှာမိသည်။ ထွဏ်းခမ် မျက်ရည်အက်ကြောင်းတဲ့။ဆုန်သင်းပါရ် အသစ်တဲ့။ ကောင်းကင်သည် ကြည်လင်ပြာလဲ့လျက်။ လေပြည်သည် လတ်ဆတ်အေးမြလျက်။ ထိုနှစ်ခရစ္စမတ်ကာလတွင် မျက်ရည်အက်ကြောင်းကို နားထောင်ရင်း ရန်ကုန်မြေကို အနွေးထည် သုံးထပ်ဖြင့် ကျနော်ရောက်ခဲ့သည်။ ရန်ကုန်မြေမှလူများသည် ကျနော့်ကို လူထူးဆန်းသဖွယ်ဝိုင်းကြည့်ကြသည်ကိုလည်းအမှတ်ရမိသည်။ ရန်ကုန်မှအပြန်မေမြို့ခရီးသည် မျက်ရည်အက်ကြောင်းမှ မျက်ရည်မြစ်အတိပြီးခဲ့သည်။သို့သော်…အိပ်မက်ထဲမှာ မင်းပဲ ဒီစိတ်ကူးလည်းမင်းပဲ ဖြစ်ပါသည်။
သင်တန်းကာလပြီးဆုံး၍ တာဝန်ကျရာ ကလေးမြို့သို့ပြန်ရောက်တော့လည်း နားထောင်ဖြစ်၊ဆိုညည်းဖြစ်သည့်သီချင်းများထဲတွင် ထွဏ်းခမ်သည် ထွန်းနေဆဲ ခမ်းနားနေဆဲဖြစ်သည်။
ထွဏ်းခမ်ကို ကျနော့်ဘဝတွေ ငယ်စဥ်က တကြိမ်သာ တွေ့ခဲ့ ငေးခဲ့ရပါသည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း သပိတ်ကာလတွင်မူ နေ့စဥ်လိုလိုဆုံရတွေ့ရပါသည်။ ကျနော်တို့က သပိတ်အဖွဲ့ကြီးကို ဝိုင်းဝန်း အားပေးကြရင်း သတ်မှတ်စည်းဘောင်တွေအတွင်း စနစ်တကျချီတက်နိုင်အောင် ကြိုးတန်းရှည်တွေကို ဆွဲရကိုင်ရပါသည်။ သပိတ်တရားတွေပြောဟောကြရသည်။ ထို့နောက် မိသားစုနှင့်အတူ ယနေ့တိုင် ချီတက်ရင်း တော်လှန်နေကြရဆဲ ရဲဘော်ရဲဘက်များဖြစ်ပါသည်။
တေးရေးဆရာ၊အဆိုတော်ထွဏ်းခမ်၏ သီချင်းများကို ယနေ့တိုင်ပြန်လည်သီဆိုနေကြဆဲဖြစ်သည်။ ထိုသူများကိုကြည့်လျှင် တနည်းတဖုံအောင်မြင်ကျော်ကြားနေကြသူများဖြစ်ကြပါသည်။ သို့သော် ကျနော့်နားအစုံသည် ထွဏ်းခမ်သီချင်းကို ထွဏ်းခမ်အသံနဲ့သာ နားဝင်ပီယံဖြစ်သည် ဟုလက်ခံသည်။ ဤသည်မှာ ထွဏ်းခမ်အပေါ် ကျနော့် ဂုဏ်ယူမှု၊ချစ်မြတ်နိုးမှုဖြစ်ပါသည်။ချစ်သော အကို။တော်လှန်ဂီတ။တော်လှန်ချင်းတယောက် ထွဏ်းခမ် ကျန်းမာဘေးကင်းပါစေ။ ဂီတအနုပညာကို ဆက်လက်ဖန်တီးနိုင်ပါစေ ၊ ဆက်လက် ဆက်လက်စီးဆင်းနိုင်ပါစေ။ ပြီးတော့ ဆက်လက် ဆန်တက်နိုင်ပါစေ။
ဟာရှိန်း
၁၂ စက်တင်ဘာ ၂၀၂၅
တေးရေး/တေးဆို ထွဏ်းခမ်၏ ထွက်ပြီးသော စီးရီးများ မှတ်ချက်။ တိုင်းရင်းတေးများ ထည့်မထားပါ။
ပျောက်ဆုံးဝိဉာဉ် – ၂၀၀၁
မျက်ရည်အက်ကြောင်း- ၂၀၁၂
ချစ်တတ်သူတိုင်းရဲ့ ရင်ခုန်သောနေ့ (Group) – ၂၀၀၅
စီယံအမှတ်တရအဖြစ် အိမ်တွင်းပုန်းမလေးနဲ့ စည်းနဲ့ဝါး(Group)- မထွက်ဖြစ်။