
Salai Htun Hla Kyaw
တရွေချောင်းသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းအုပ်စု၏ အဓိက အသက်သွေးကြောမ ကြီးများထဲမှ တစ်ခုဖြစ်သည်။ မင်းကူးလမ်းအုပ်စုထဲမှ မြစ်ဖျားခံစီးဆင်းပြီး ဖုံသာအုပ်စုထဲ၌ ဖုံသာချောင်းအမည်ဖြင့် အနောက်ဘက်သို့ ဆက်လက်စီးဆင်းကာ ထိုမှတစ်ဆင့် ဒုံသားကျေးရွာအနီးတွင် လေးမြို့မြစ်ထဲသို့ စီးဝင်သွားသည်။ တရွေချောင်းကို ဒေသနေ ချင်းလူမျိုးများက တေလောင်ဟု ခေါ်ဆိုကြသည်။ ချောင်းတလျှောက် ကမ်းပါးများပေါ်တွင် ကျေးရွာပေါင်း ၂၀ အထိ တည်ရှိလျှက်ရှိပြီး ၁၉ ရွာမှာ ချင်းလူမျိုးများ နေထိုင်သော ရွာများဖြစ်သည်။ ကျေးရွာအများစုသည် ဝါး (သို့မဟုတ်) သစ်များဖြင့် ဆောက်လုပ်ထားသည့် ခြေတံရှည်အိမ်များဖြင့် ပြည့်နှပ်နေတတ်ပြီး ၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ဒေသနေ ဌာနေချင်း လူမျိုးများ၏ လူနေမှုဘဝ အခြေအနေအပြင် ဖွံ့ဖြိုးမှုနောက်ကျခြင်းများ၏ ပုံရိပ်များကိုပါ အထင်းသား တွေ့မြင်နိုင်သည်။ ကုန်းလမ်းဆက်သွယ်ရေး ကင်းမဲ့သောကြောင့် ဒေသခံအများစုမှာ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းခရီးကိုပင် အဓိက အသုံးပြုနေကြရသည်ကို တွေ့ရသည်။
မတ်စောက်သော တောင်ကုန်း၊ တောင်တန်းများပေါများပြီး သစ်တောထူထပ်သည့် ဒေသလည်းဖြစ်သည်။ ဝါးနှင့်သစ်မှာ ဤဒေသ၏ အဓိက ထွက်ကုန်များဖြစ်သည့်အပြင် ဒေသခံချင်း လူမျိုးများ အဓိက အသက်မွေးဝမ်း ကျောင်း ပြုနေကြရသော လုပ်ငန်းခွင် တစ်ခုလည်းဖြစ်သည်။ ဒေသထဲ၌ စပါးကို ထွန်ယက် စိုက်ပျိုးနိုင်သော လယ်မြေဧက အလွန်နည်းပါးပြီး အစိုးရက မြေလွတ်၊ မြေရိုင်းဟု သတ်မှတ်ထားသော တောင်ကုန်း၊ တောင်တန်းကြီးများအပါအဝင် ဥယျာဉ်ခြံမြေနှင့် ကိုင်းမြေများကပင် ဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားသည်ကို တွေ့ရသည်။ စေတီရံ(ချင်း)ရွာနှင့် င/တက် (ရခိုင်)ရွာ (၂) ခုတည်းသာလျှင် ဒေသထဲမှာ စပါးကို လယ်မြေဖြင့် ထွန်ယက်၊ စိုက်ပျိုးထုတ်လုပ်နိုင်သော ရွာများအဖြစ် တည်ရှိနေသည်။
အနည်းငယ်သော ကျေးရွာအချို့ရှိ အရေအတွက်အားဖြင့် အလွန်နည်းလွန်းလှသော မိသားစု အနည်းငယ်ခန့်က တောင်ယာများ ခုတ်ထွင်ကာ တောင်ယာစပါး စိုက်ပျိုးကြသော်လည်း ထုတ်လုပ်ရောင်းချ နိုင်လောက်သည်အထိ စပါးမရနိုင်ကြဘဲ မိုးရာသီအတွင်း သူတို့မိသားစု စားဝတ်နေရေး ကာမိရုံမျှပင် ရလေ့ရှိတတ်ကြသည်။
ကိုင်းမြေများကို ချောင်းတလျှောက် ကမ်းပါးများပေါ်တွင် တွေ့နိုင်သည်။ ငှက်ပျော၊ ရှောက်သီး၊ သရက်၊ သံပုရာ၊ ကြံနှင့် ရာသီအလိုက် စိုက်ပျိုးသော သီးနှံပင်များ ဖြစ်သည့် ငရုတ်၊ ပြောင်း၊ ဖရဲ၊ မြေပဲ၊ ပဲ၊ ဆေးရွက်ကြီး စသည်များကိုလည်း ဤကိုင်းမြေများ၌ပင်လျှင် စိုက်ပျိုး ကြသည်။ ထို့အပြင် ချောင်း၏ ဘယ်ညာ တစ်ဖက်တစ်ချပ်စီ၌ တံတိုင်းကြီးများသဖွယ် တည်ရှိနေကြသော တောင်ကုန်း၊ တောင်တန်းများကို ကြည့် မည်ဆိုလျှင်လည်း ကျွန်းစိုက်ခင်း၊ သီဟို၌ စိုက်ခင်း၊ ပျဉ်းစိုက်ခင်း၊ ရေမဏီ စိုက်ခင်းနှင့် အလေ့ကျပေါက်ရောက်လေ့ရှိသော ဝါးတောများကို နေရာကွက်ကျားအားဖြင့် တောက် လျောက်ဆိုသကဲ့သို့ တွေ့မြင်နိုင်သည်။
ထို့အတူ ဤဒေသမှာ သစ်တောဖုံးလွှမ်းသည့် ဒေသဖြစ်သောကြောင့် သစ်မာပင်များ အဓိက ပေါက် ရောက်ကြသည်။ သစ်ခွမျိုးစိတ် အမျိုးမျိုးကိုလည်း ဤဒေသတဝိုက်မှာပင် တွေ့ရလေ့ရှိသည်။ ချောင်းအဖျားပိုင်း တော နက်ပိုင်းများတွင်တော့ သစ်တောကို အမှီပြုပြီး ကျား၊ ဆင်၊ ဆက်၊ သမင်၊ ဝက်ဝံ အစရှိသဖြင့် တောရိုင်းတိရစ္ဆာန် မျိုးစုံအပြင် ရှားပါး ငှက်မျိုးစိတ်များကိုလည်း အများအပြား တွေ့ရလေ့ရှိသည်ဟု သစ်ဝါးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ဒေသခံများထံမှ သိရှိရသည်။ သို့သော် အထိန်းအကွက်မဲ့ သစ်ထုတ်လုပ်မှုနှင့် အမဲလိုက်မှုများကြောင့် သစ်တောနှင့် ရှားပါးတိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်တော့မည့် အခြေအနေအထိ ဆိုက်ရောက်လာလျှက်ရှိသည်ဟုလည်း သိရသည်။
၃။ ချင်းလူမျိုး
ရက္ခိုင်ပြည်အတွင်း “ချင်းအမျိုးသား နယ်မြေများ” ဟုဆိုနိုင်လောက်သည့် ချင်းလူမျိုးများ တဆက်တစပ်တည်း စုစည်းနေထိုင်လျှက်ရှိသော ဒေသအများအပြားရှိသည်။ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ဂုတ်၊ ဂွနှင့် သံတွဲတို့ကဲ့သို့ မြို့နယ်များ တွင် ချင်းလူမျိုးများ၏ ဒေသမှာ ပျမ်းမျှ အနည်းဆုံး ၂ ခုအထိ ရှိနေသည်ကို တွေ့ရသည်။ မင်းပြားမြို့နယ် တစ်ခုတည်း၌ပင်လျှင် ပန်းမြောင်းကြီးချောင်း၊ ပြွန်ရှည်ချောင်း၊ တောင်ပေါ်ဒေသနှင့် ယခုတရွေချောင်းဒေသတို့မှာ ချင်းလူမျိုးများ အများဆုံးစုစည်း နေထိုင်လျှက်ရှိသည့် ဒေသများဖြစ်သည်။
တရွေချောင်းအကြောင်း လေ့လာမည်ဆိုလျှင် ချင်းလူမျိုးကို ချန်ထား၍မဖြစ်။ သရွေချောင်းနှင့်အတူ ချင်းလူမျိုးများကိုပါ တွဲ၍လေ့လာရမည် ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် “သရွေချောင်းမှာ ချင်းလူမျိုးများ အများဆုံးနေထိုင်လျှက်ရှိသော ဒေသတစ်ခု ဖြစ်သည်နှင့်အညီ တစ်ဖက်တွင်လည်း ချင်းဘိုးဘေးများ ကနဦး ဓားမဦးချခဲ့ကြသော နေမြေတစ်ခုဖြစ်ကာ ယနေ့ထိတိုင် သူတို့၏ ဝိဉာဉ်များ ကိန်းအောင်း ရှင်သန်လျှက် ရှိနေဆဲ”ဟု ဒေသခံ ချင်းလူမျိုး အများစုက ယုံကြည်ထား ကြသောကြောင့် ဖြစ်သည်။ ကျေးရွာပေါင်း ၂၀ အထိရှိသည့်အနက် ၁၉ ရွာမှာ ချင်းလူမျိုး ကျေးရွာများ ဖြစ်ကာ ဒေသတွင်း ချင်းလူမျိုး ၈၆ % နှင့် ရခိုင်လူမျိုး ၁၄ % ခန့် မှီတင်းနေထိုင်လျှက် ရှိသည်ကိုလည်း တွေ့ရသည်။ (ဇယား (၁) နှင့် (၂) ကို ကြည့်ရှုရန်။)
၃.၁။ ပါးရဲထိုး ချင်းအမျိုးသမီးများနှင့် ချင်းယဉ်ကျေးမှု

အကယ်၍ စာဖတ်သူအနေနှင့် ၂၀၁၀ ပြည့်နှစ်ခန့်လောက်တွင်သာ တရွေချောင်းဒေသသို့ ရောက်ဖူးခဲ့မည်ဆိုလျှင် ပါးရဲထိုးထားသော အသက် ၅၀ ကျော်အရွယ် ချင်းအမျိုးသမီးများကို ချောင်းတလျောက် ချင်းလူမျိုးကျေးရွာတိုင်း၌ တွေ့နိုင်ခဲ့ပါလိမ့်မည်။ ထို့နောက် ဆက်လက်၍ သူတို့အား ဆါဝါးကြည့်နိုင်မိခဲ့ပါမူ “သူတို့ ပါးရဲကို ဘာ့ကြောင့် ထိုးရပုံ၊ ဘယ်အရွယ်ကတည်းက စထိုးခဲ့ရပုံ၊ ပါးရဲထိုးဖို့အတွက် ဘာတွေလိုအပ်ပုံနှင့် ပါးရဲကို ဘယ်လိုထိုးရပုံ” အစရှိသဖြင့် အသေးစိတ် ရှင်းပြချက် များကို သူတို့ထံမှ ကြားဖူးခဲ့ရပေလိမ့်မည်။
ပါးရဲနှင့် ပတ်သက်၍ ပြောဆိုချက်များကားများမြောင်လှသည်။ အချို့က “ရခိုင် ဘုရင်၏ မိဘုရားအဖြစ် အဓမ္မ သိမ်းပိုက်ခံရခြင်း အန္တရာယ်ကို ရှောင်ရှားစေလို၍ ရုပ်ဖျက်သည့် သဘောဖြင့် ပါးရဲ ထိုးကြခြင်း ဖြစ်သည်”ဟု ဆိုကြသည်။ အချို့ကလည်း “အလှတစ်ခု အနေဖြင့် ထိုးခြင်းဖြစ်သည်”ဟု ဆိုပြန်သည်။ အချို့က “ပါးရဲထိုးခြင်းမှာ ချင်းလူမျိုးများ၏ ဓလေ့တစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသော ချင်းအမျိုးသမီးတိုင်း ထိုးကြရကာ သူတို့အနေဖြင့် ၎င်းအဆင့်ကို ကျော်လွန်ပြီးမှသာ အိမ်ထောင် ရက်သား ပြုကြရသည်” ဟုလည်း ဆိုကြပြန်သေးသည်။ ဤနေရာတွင် မည်သည့်ပြောဆိုချက်ကမှန်၏၊ မည်သည်က မှား၏ ဆိုသည်ကို ကျွန်တော့်အနေဖြင့် ကောက်ချက်မချလိုပေ။ ကောက်ချက် ချနိုင်စွမ်းလည်း မရှိပေ။ သမိုင်းကြောင်းနှင့် ဆက်စပ်သည့် ကိစ္စဖြစ်နေ သောကြောင့် သမိုင်းပညာရှင်၊ သုတေသီများမှ လေ့လာ၊ ပြုစု၊ ကောက်ချက်ဆွဲ ခြင်းကသာ ပို၍လျော်ကန်သင့်မြတ် ပါလိမ့်မည်။ ကျွန်ုပ်မှာကား သူတို့၏ ပကတိ အရှိတရားကိုသာ အဓိက တို့ထိလိုရင်းဖြစ်သည်။
ပါးရဲမှာ ထိုးကွင်းပုံစံ အမျိုးမျိုးရှိသည်။ အချို့မှာ အစင်းကြောင်း၊ အချို့မှာ မည်းနက်နက်၊ အချို့မှာ အစက်အပြောက် စသဖြင့်။ သို့သော် မျိုးနွယ်စုအလိုက် ထိုးကွင်းပုံစံများ တူညီကြသည်သာ။ မျိုးနွယ်စု တူညီသော်လည်း ဒေသအပေါ်မူတည်ပြီး ထိုးကွင်းက ထင်း၏၊ မထင်း၏လည်း ရှိသေးသည်။ ထို့ကြောင့် သူတို့မျက်နှာပေါ်ရှိ ထိုးကွင်းပုံစံနှင့် ထိုးကွင်းအရောင်ကို ကြည့်ပြီး ဘယ်ဒေသက၊ ဘယ်ချင်း မျိုးနွယ်စုဆိုသည်ကို ခွဲခြားသိနိုင်သည်။ ထိုးကွင်းကို မျက်နှာပြင် တစ်ခုလုံးတွင်သာမက မျက်ခွံများပေါ်၌ပါ ပုံဖော်ထိုးထားကြသည်မှာ အနုစိတ်ဆန်လွန်းလှသည်။ သေသပ်လွန်းလှသည်။
တရွေချောင်းဒေသတွင် တွေ့နိုင်သော ထိုးကွင်းပုံစံမှာ အစင်းကြောင်းဖြစ်သည်။ ၎င်းကိုပင် ထင်းနေအောင် မျက်နှာပြင်တစ်ခုလုံး၌ သေသပ်စွာအကွက်ဖော်ထားကြသည်မှာ အံ့ဩစရာ ကောင်းလှသည်။ သရွေချောင်းဒေသတွင် ပါးရဲကို (၁၉၅၀ / ၁၉၆၀) ဝန်းကျင် လောက်အထိ ထိုးခဲ့ကြပြီး၊ ထိုနောက်ပိုင်း ဒေသတွင်းရှိ ထိုခေတ် ရခိုင်ပြည် ချင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ၏ တားဆီးမှုကြောင့် ပါးရဲထိုးဓလေ့ နိဂုံးချုပ်ခဲ့ရသည်ဟုလည်း သိရသည်။
၃.၁.၁။ ပါးရဲထိုးချင်းအမျိုးသမီးများနှင့် ချင်းဧချင်း/ညည်းချင်း
လူမျိုးတိုင်း၌ သူတို့ ဖြတ်သန်းလာခဲ့ကြသည့် နောက်ခံသမိုင်းကြောင်း ကိုယ်စီရှိကြသည်သာ။ အဆိုပါသမိုင်းကြောင်းများမှာပင် ပျော်ရွှင်ကြည်နူးစရာတွေ၊ ဝမ်းနည်း ပူဆွေးစရာတွေ၊ အနိဋ္ဌာရုံတွေ၊ နာကျည်းမုန်းတီးစရာတွေ၊ ဂုဏ်ယူအမှတ်ရစရာတွေ စသဖြင့်၊ စသဖြင့် ဖြစ်ရပ်များစွာနှင့် ပြည့်နှပ်နေလေ့ ရှိကြသည်ပင်။ ဤသည်တို့ကိုပင် ကဗျာတွေ၊ စာပေတွေ၊ သီချင်းတွေရေးဖွဲ့ပြီး ပြန်၍ ပုံဖော်ကြသည်။ ခံစားကြသည်။ ပြီးလျှင် မျိုးဆက်သစ်များ ဆက်လက်၍ လေ့လာစရာ မှတ်တမ်း မှတ်ရာတွေအဖြစ် လက်ဆင့်ကမ်းအနေဖြင့် ကျန်ရစ်ခဲ့သည်။ ဤကား စာပေထွန်းကားသည့် လူမျိုးတိုင်း၌ တွေ့နိုင်သည့် ဖြစ်ရပ်ဟု ဆိုနိုင်မည်ထင်သည်။ သို့သော်ရက္ခိုင်ဒေသရှိ ချင်းလူမျိုးများမှာမူကား ရာစုနှစ်များစွာတိုင်အောင် ကိုယ်ပိုင်စာပေကား မရှိ။ ထို့အတွက်ကြောင့် အတိတ်၌ သူတို့ကြုံတွေ့ ဖြတ်သန်းလာခဲ့ရသော ဖြစ်စဉ်၊ ဖြစ်ရပ်များကို စာပေ အက္ခရာပင် မတင်နိုင်ခဲ့ကြ။ သူတို့ဖြစ်ရပ်များကို ကဗျာတွေ၊ စာတွေနှင့်ဖွဲ့နွဲ့ပြီး ခံစားဖို့၊ လက်ဆင့်ကမ်းနိုင်ဖို့၊ မှတ်တမ်းမှတ်ရာအဖြစ် ချန်ရစ်နိုင်ဖို့ဆိုလျှင် ပို၍ပင် ဝေးလွန်းသေးသည် မဟုတ်ပါလား။
သို့သော် ချင်းလူမျိုးများ၏ အတိတ်ဖြစ်ရပ်များထဲမှ အစိတ်အပိုင်း အချို့ကိုတော့ အွိုင်ဝ်လုံး (အနီးစပ်ဆုံး အသံထွက်ခြင်းသာဖြစ်သည်။) ဟုခေါ်သော ချင်း ဧချင်း၊ ညည်း ချင်းများထဲတွင် တွေ့နိုင်သည်။ ၎င်းကို ပါးရဲထိုးထားသော ချင်းအမျိုးသမီးများထံတွင် အများဆုံး ကြားရလေ့ ရှိတတ်သည်။ ချင်းအမျိုးသမီးများက ချင်း ဧချင်း၊ ညည်းချင်းကို-
• ရပ်ဝေးမှ ဆွေမျိုး၊ မိသားစုနှင့် မိတ်ဆွေများ ရောက်ရှိချိန်၊
• လက်ထပ် မင်္ဂလာပွဲကျင်းပချိန်၊
• ရိုးရာဓလေ့အရ ပွဲတော်များ ကျင်းပချိန်နှင့်
• အသုဘ ဈာပနပွဲ ပြုလုပ်ချိန်များတွင် အများဆုံး သီဆိုလေ့ ရှိတတ်ကြသည်။
ချင်း ဧချင်း၊ ညည်းချင်းက သီဆိုသူရော၊ နားထောင်သူအတွက်ပါ ခံစားမှုပေါင်းများစွာ၊ တစ်နည်း ရသပေါင်းများစွာကို ပေးနိုင်စွမ်းသည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သမျှသော ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ ဂုဏ်ယူစရာနှင့် အနိဋ္ဌာရုံတွေကို ပြန်၍အမှတ်ရစေသည်။ ချင်းလူမျိုးများက ၎င်းဧချင်း၊ ညည်းချင်းမှ တစ်ဆင့် –
• သမိုင်းနှင့် လက်ရှိ ဖြစ်စဉ်များကို သီဆိုဖော်ပြကြသည်။
• ငယ်သားများကို ဆုံးမအမှာစကား ပါးကြသည်။
• အချင်းချင်း ကျီစယ်ကြသည်။
• စကားနာထိုးကြသည်။
• မွေးရပ်ဒေသကို လွမ်းဆွတ်ကြသည်။
• ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာများကို မျှဝေကြသည်။
• အနာဂတ် မျှော်လင့်ချက်များကို ဖွင့်ဟကြသည်။
စသဖြင့် သူတို့ နေ့သဓူဝ ကြုံတွေ့ ဖြတ်သန်းနေကြရသော ကိစ္စဟူသမျှတို့ကို ပြန်၍ဖွဲ့နွဲ့ သီဆိုတတ်ကြသည်။ ဤကား ပါးရဲထိုးချင်းအမျိုးသမီးများနှင့် ချင်းဧချင်း၊ ညည်းချင်းတို့၏ ဆက်စပ်မှု အပိုင်းအစတို့ပင် ဖြစ်သည်။
၃.၁.၂။ ပါးရဲထိုးချင်းအမျိုးသမီးများနှင့် မျိုးရိုးစဉ်ဆက်ဇယား
ထို့အပြင် ချင်းအမျိုးသမီးများမှာ သူတို့ဆင်းသက်လာခဲ့သော ဖခင်၏ မျိုးရိုးစဉ်ဆက်ဇယားနှင့် မိခင်၏ မျိုးရိုးစဉ်ဆက်ဇယားတို့ကို နှစ်လုံးဆင့် လင်္ကာဖြင့် ရွက်ဆို တတ်ကြသေးသည်။ (ဥပမာ – ဖခင်၏ မျိုးရိုးစဉ်ဆက်ဇယားကို ရွက်ဆိုမည်ဆိုပါစို့။ ပထမဦးစွာ ရွက်ဆိုသူ၏ နာမည်ဖြင့် အရင်ဦးဆုံး အစချီရသည်။ ပြီးလျှင် ရွက်ဆိုသူ၏ နာမည်နှင့် သူ့ဖခင်၏ နာမည်ကို တွဲ၍ ဆိုရသည်။ ထိုမှတစ်ဆင့် သူ့ဖခင်နှင့် သူ့အဘိုး၊ သူ့အဘိုးနှင့် သူ့အဘေး အစရှိသဖြင့် နှစ်လုံးဆင့်ကာ တွဲ၍တွဲ၍ ရွက်ဆိုသွားရသည်။) ၎င်းကို နားထောင်ခြင်းဖြင့် ရွက်ဆိုသူမှာ မျိုးဆက် ဘယ်နှစ်ဆက်မြောက် ရှိသွားပြီဆိုသည်ကို သိနိုင်သည်။ အချို့ဆိုလျှင် မျိုးဆက်ပေါင်း ၁၈ ဆက်မှ ၁၉ ဆက်မြောက်အထိ ရှိသွားကြပြီဟုပင် သိရသည်။ ၎င်းနည်းလမ်းကို သူတို့ ကိုယ်တိုင် ထိန်းသိမ်းကြရုံမျှမက နောင်မွေးဖွားလာသည့် သူတို့၏ မျိုးဆက်သစ်များကိုပါ လက်ဆင့်ကမ်း သင်ပေးတတ်ကြသည်။ ဤကား ပါးရဲထိုးချင်းအမျိုး သမီးများ၏ မည်သူမျှ တာဝန်ပေးအပ်ခြင်းမရှိဘဲ လက်ဆင့်ကမ်း သယ်ယူ ရေးထိုးလာခဲ့ကြသော သမိုင်းစာမျက်နှာ အချို့ပင်ဖြစ်သည်။ စာဖတ်သူ စိတ်ဝင်စားပါက အဆိုပါစာမျက်နှာများကို ကိုယ်တိုင် လှန်လှောပြီး ရက္ခိုင်ဒေသရှိ ချင်းသမိုင်းအပိုင်းအစများကို ကိုယ်တိုင်ဖတ်ရှု၊ ကြည့်ရှုဖို့ တို့ထိအပ်ပါသည်။
ယနေ့ကာလတွင် ရက္ခိုင်ပြည်အတွင်း ပါးရဲထိုးထားသော ချင်းအမျိုးသမီးများကို ဒေသတော် တော်များများ၌ တွေ့နိုင်သေးသည်။ သို့သော် အရေအတွက်က အတော်နည်းသွားခဲ့ချေပြီ။ များသောအားဖြင့် သူတို့မှာ အနည်းဆုံး အသက် ၆၀ အထက်ပိုင်း အရွယ်များ ဖြစ်နေကြချေလေပြီ။ ပါးရဲထိုးဓလေ့ နိဂုံးကပတ် အဆုံးသတ်ခဲ့ပြီးသည့် နောက်ပိုင်း ချင်း ဧချင်း၊ ညည်းချင်းများလည်း မှုန်ဝါးလာခဲ့ရသည်။ မျိုးရိုးစဉ်ဆက်ဇယား ရွက်ဆိုမှုလည်း မှေးမှိန်သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေ ယနေ့ တွေ့မြင်နေရ သေးသော ပါးရဲထိုးချင်းအမျိုးသမီးများမှာရက္ခိုင်ဒေသနေချင်းလူမျိုးများ၏ နောက်ဆုံးသော မျိုးဆက်များ ဖြစ်သွားကြချေလေပြီ။
[ကိုးကား
၁။ မင်းပြားမြို့နယ်၊ ဒေသဆိုင်ရာ အချက်အလက်များ (၂၀၁၉)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။
၂။ မင်းကူးလမ်းအုပ်စု လူဦးရေနှင့် အိမ်ထောင်စုစာရင်း (ဒီဇင်ဘာ၊ ၂၀၂၀)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။
၃။ Observation & interview]
@ရက္ခိုင်ပြည်၊ တရွေချောင်းဒေသအကြောင်း တစေ့တ စောင်း လေ့လာမှုမှ ကောက်နှုတ်ချက်၊


