Headlines

ထန်တလန်မြို့မှာ ကမ္ဘာ့အကြာရှည်ဆုံးနေ့တစ်နေ့ စက်တင်ဘာလ ၁၈ ရက်။

Chaw Suh

( ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ထန်တလန်မြို့အခြေအနေကို Chaw Suh (Nau Te) လိုင်(ချင်း) ဘာသာဖြင့် ရေးသားမှုကို ဗမာဘာသာဖြင့် စီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ )

နေ့ခင်းကတည်းက သေနတ်ပစ်ခတ်သံများနှင့် ဗုံးကြဲသံများဆက်တိုက်ကြားနေရသည်။ အရင်ခေါက် များလိုပင် အချိန်မကြာလောက်ဘူးလို့သာယူဆပြီး ပိုမိုလုံခြုံသည်ဟု ယူဆရသည့် အိမ်အောက်ထပ်ရှိ အိပ်ခန်းထဲတွင်သာ နေခဲ့ကြသည်။ အချိန်ကား နေ့ခင်း ၂ နာရီကျော်ကျော်၀န်းကျင်ခန့်ဖြစ်မည်။ မိမိတို့နေအိမ်အောက်ဖက်ရှိ အိမ်များတွင် စစ်ကောင်စီတပ်သားများ၏ တစ်အိမ်၀င်တစ်အိမ်ထွက် အော်ဟစ်ဆဲဆိုသံများသည် မိမိတို့အိမ်နှင့်နီးသထက်နီးလာလေသည်။ ကျမတို့နေအိမ်ရောက်လာပြီး တံခါးထုထောင်းသံများထွက်ပေါ်လာသည့်အချိန်မှာတော့ အလွန်အမင်းကြောက်နေသည့်တိုင် သတ္တိမွေးပြီး တံခါးကိုဖွင့်ပေးလိုက်သည်။

“ အားလုံးထွက်၊ လမ်းပေါ်မှာ ထိုင်နေကြ” ဟု ဆိုသဖြင့် အိမ်ရှေ့ထွက်ထိုင်ခဲ့ကြရသည်။ စစ်ကောင်စီတပ်စစ်သားများမှ “ငါတို့ကို မကြောက်ကြနဲ့၊ နင်တို့အိမ်နားတစ်၀ိုက်ကအနေ ငါတို့ကိုလာပစ်လို့ လူလိုက်ရှိနေတာ၊ နင်တို့ကို ဒုက္ခမပေးဘူး” ဟု ပြောရင်း သေနတ်များကို အဆက်မပြတ် ပစ်ဖောက်နေကြသည်။

သူတို့အကြည့်များသည် ဆာလောင်နေသည့် တောရိုင်းကောင် အစာရှာထွက်သကဲ့သို့ ကြမ်းတမ်းလှသည်။ ကျမရင်တုန်မှုကတော့ တတိတ်တိတ်နဲ့ ပြင်းထန်လှသည်။ အိမ်မက်ဆိုးပင်လျှင် ယခုကဲ့သို့ ရင်တုန်ခြောက်ခြားသည့် အခြေအနေမျိုးမမက်ဖူးပေ။ ယနေ့သည် မိမိ၏ နောက်ဆုံးရှင်သန်ရမည့်နေ့ရက်များကျရောက်ပြီလားဟုပင်အတွေးထဲ၀င်လာသည်။ စစ်သားများ အိမ်တွင်းသို့၀င်သွားကြသည်၊ အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် အိမ်ထဲပြန်၀င်လို့ရပြီဟု ပြောကြသည်။

ထို့နောက် မိမိတို့နေအိမ်နှင့် ဘုရားကျောင်းအကြား သေနတ်ပစ်သံ၊ ဗုံးသံများ ဆက်တိုက်ဆိုသလို ထွက်လာသည်။ ဘုရားကျောင်းရဲ့ မှန်ကွဲသံများကိုပင်လှမ်းကြားနေရသည်။ ကျည်ငွေ့နဲ့ မီးခိုးများသည် ပတ်၀န်းကျင်ကို လွှမ်းခြုံနေတော့သည်။ မိမိတို့မှာ အသက်ပုံမှန်ရှုထုတ်နေဖို့ပင် မရဲတော့သည် အထိဖြစ်ရသည်။ ဖုန်းလည်းကိုင်ဖို့နေနေသာသာ ကြည့်ပင်မကြည့်ရဲတော့။

ညနေ လေးနာရီ ၀န်းကျင်ကျော်ပြီးမှ သေနတ်သံများဆဲပြီးနောက် ဖုန်းစကိုင်သည်နှင့် Pu Uk မှ

“အိမ်တွေမီးလောင်နေပြီ၊ Ni Cung Pa တို့အိမ်ရောက်တော့မယ်၊ အိမ်ကနေထွက်ကြတော့” ဟုလှမ်းပြောမှ အလျှင်အမြန်အိမ်ထဲက ထွက်ကြသည်။ အရာအားလုံးယောင်၀ါး၀ါးဖြင့် မည်သည့် နေရာကိုသွားရမည်မသိဖြစ်နေကြသည်။

ပြေးမည့်နေရာကို စရှာကြရတော့သည်။ အချို့‌ဒေသခံများသည် ဘုရားကျောင်းတွင် ပစ္စည်းများ သွားထားကြသည်။ လူကိုယ်တိုင်ထမ်းချီရသည့် အမယ်အိုများ၊ ကလေးကျောပိုးနေသူများ စသည်ဖြင့် ဘုရားကျောင်းတွင် ရောထွေးပြီးနေနေကြရပြီ။

ဘုရားကျောင်းမှ လူနေအိမ်များ မီးလောင်နေသည်ကို လှမ်းမြင်နေရသော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေကြရသည်။ မြေကြီးကိုသာမျက်နှာလွှဲပြီး “ ဘုရား … ကယ်တော်မူပါ” ဆိုရုံကလွဲပြီး ဘာမှလုပ်နိုင်စွမ်းမရှိတော့ပြီ။ အလွန်ပင် နာကျင်ခံစားရသည်။

ဘုရားကျောင်းလုံခြုံနေလျှင် ကျမတို့နေအိမ်လည်း ဘာမှမဖြစ်လောက်ဘူးဟုဆိုကာ တောင်ကုန်းထိပ်ပိုင်းဖက်မှာ ပစ္စည်းများရွှေ့လျှင်ကောင်းမည်ဟု ပစ္စည်းများစစ်ဆေးနေကြစဥ် Iangmi က ငိုကြွေးရင်းဖြင့် ဖုန်းဆက်လာသည်။

“ကျမတို့ရပ်ကွက်အတွင်း မီးငြိမ်းဖို့လာတဲ့သူတွေကို ပစ်ကြလိမ့်မယ်ထင်တယ်၊ မေးကြည့်ပါအုံး” ဆိုသည့်စကားတစ်ခွန်းကိုပင် သဲ့သဲ့လေးပြောနိုင်သည့် အခြေအနေ။

ဘုရားကျောင်းဖက်ကိုပြန်ပြေးရပြန်သည်။ Lydawt Vanvan အမေအား ဘာလို့ အဲသလိုဖုန်းဆက်လှမ်းပြောရသလဲဟုမေးရာ “U Biak မီးငြိမ်းဖို့ လာတာ ဖုန်းဆက်လို့မရဘူး တွေ့မိသေးလားဆိုပြီးမေးတော့ ဒီမှာအလုပ်ရှုပ်နေတဲ့ကြားက ခဏနေပါအုံးလို့ ပြန်ပြောလိုက်တယ်” ဟုဆိုသည်။

ထို့နောက် Messenger Group တွင် Kakip တို့အိမ်ရှေ့တွင် အလောင်းတစ်လောင်းတွေ့ရကြောင်း UMen ကပြရာ “အော်..အမိ။ လုံး၀မထင်ထားတဲ့ U Biak ဖြစ်လေသည်”။

ဦး‌လေး Bik ( Pu Lawm Bik) ကိုချက်ခြင်းဖုန်းခေါ်လိုက်သည်။ “ဟုတ်တယ်။ ကျနော့်သား Van Van Pa ဟုတ်ပါတယ်။ ဘာမှ မလုပ်နိုင်တော့ဘူး။ သူ့ရုပ်အလောင်းကိုပဲ ပြန်ယူနိုင်ဖို့ပဲ လုံးပန်းနေကြရတယ်” ဟုသာပြန်ဖြေခဲ့သည်။

ဘေးနားက Lydawt နှင့် ဖက်ပြီး ငိုကြွေးရတော့သည်။

“U Biak လုံး၀နှမြောတသဖြစ်ရပါတယ်”

အိမ်များပြာကျလို့ပြီးပြီ။ ကျည်သံများတိတ်သွားသည်နှင့် ညအိပ်စက်မည့်နေရာကို စတင်ရှာကြရတော့ သည်။ ရပ်ကွက်အလိုက် မပျက်စီးသည့်နေအိမ်များအတွင်း အစုလိုက်အိပ်ကြဖို့စီစဥ်ရသည်။ ကျမတို့မှာ ဆရာ Kio Tum Thang တို့နေအိမ်မှာ သွားခိုရသည်။ အမျိုးသမီးအုပ်စုက ထမင်းဟင်းချက်ကြပြီး စားသောက်ကြသည်။

အဆိုပါညသည် အခြားညများထက် ထန်တလန်မြို့သည် နက်မှောင်နေသည်။ မြို့ပေါ်တစ်ခုလုံး မီးရောင်ဆိုလို့မတွေ့ရပေ။ ကလေးငိုသံများပင်မကြားရအောင်တိတ်ဆိတ်လို့နေသည်။ နောက်တစ်နေ့ မိုးလင်းဖို့ အလွန်ပင်ကြာနေသည်။ အဆိုပါနေ့ကို ကျမ၏ နှလုံးသားစာမျက်နှာမှာ တီးတိုးကမ္ဗည်း ထိုးထားလိုက်သည်။

“ကမ္ဘာ့ အကြာရှည်ဆုံးနေ့တစ်နေ့” ဟူ၍။

Leave a Reply

Your email address will not be published. Required fields are marked *