ဇန်န၀ါရီလ ၈ ရက်။
နို၀င်ဘာလ ၉ ရက်ကစပြီး လက်ရှိအချိန်အထိ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေတဲ့ဖလမ်းမြို့နယ်တွင်းက စစ်ဘေးရှောင်အများအပြားဟာ ခရစ်စမတ်ကာလကတည်းကစတင်ပြီး မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်း သို့ ဝင်ရောက်ခိုလှုံလာတယ်လို့ Champhai ခရိုင် အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက The Time of India ကို ဇန်နဝါရီ ၆ ရက်နေ့ကိုပြောကြားပါတယ်။
Champhai ခရိုင် Young Mizo Association နဲ့ Champhai ခရိုင်ဒုက္ခသည်များဆိုင်ရာ ကော်မတီခေါင်းဆောင်ဖြစ်သူ Robert Zoremthluanga က “ မြန်မာစစ်တပ်နဲ့ ချင်းလက်နက်ကိုင်အဖွဲ့များအကြား မြို့သိမ်းတိုက်ပွဲပြင်းထန်စွဖြစ်ပွားနေတဲ့ ဖလမ်းမြို့နယ်အတွင်းကနေ ခရစ်စမတ်ကာလကတည်းကနေ အခုအချိန်ထိ စစ်ဘေးရှောင်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်” လို့ပြောပါတယ်။
အခုအခါ ဖလမ်းမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ဆဲဖြစ်တာကြောင့် Champhai ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၉ ခုစလုံးမှာ စစ်ရှောင်ဒုက္ခသည်များ ပြည့်နှက်နေပြီး အများစုကို Champhai မြို့ Kanan ဒေသမှာလက်ခံထားလျက်ရှိပါတယ်။
စစ်ရှောင်ကယ်ဆယ်ရေးစခန်းမှာ လူတွေပြည့်နှက်နေတာကြောင့် အချို့စစ်ဘေးရှောင်များမှာ Kanan ဒေသရှိ ဆွေမျိုးများ၊ သူငယ်ချင်းမိတ်ဆွေများထံ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
Champhai ခရိုင်အတွင်းမှာ ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးပွဲတော်ကာလများတွင် ရက်ရှည်အားလပ်ရက်အဖြစ်သတ်မှတ်ထားတာကြောင့် အဲဒီကာလအတွင်း ရောက်လာတဲ့ စစ်ရှောင်တွေကို နိုင်ငံတော်ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ရှိသူများအနေနဲ့ အသေးစိတ်စိစစ်ခြင်း၊ ဒုက္ခသည်များအား ငြင်းဆိုများမရှိဘူးလို့သိရပါတယ်။
အခုလက်ရှိအချိန်ထိ Champhai ခရိုင်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၀၀ ဝန်းကျင်ရောက်ရှိလာတယ်လို့ခန့်မှန်းရပြီး ချင်းပြည်နယ်တီးတိန်မြို့နဲ့ တွန်းဇံမြို့နယ်အတွင်းများမှာလည်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခြင်းကြောင့် စစ်ရှောင်များတိုးလာနေဆဲဖြစ်တယ်လို့ Camphai ခရိုင်စစ်ဘေးရှောင်များကူညီရေးအသင်း ဥက္ကဌကပြောပါတယ်။