Headlines

မဏိပူရ်အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြတာ မခံနိုင်လို့ ယာယီရပ်နားတဲ့အချိန် ထောင်အာဏာပိုင်တွေရဲ့ခြိမ်းခြောက်တာခံရ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ ဩဂုတ်လ ၂၆ ရက်ကစပြီးအစာငတ်ခံဆန္ဒပြန်ပြခဲ့ရာ ဆန္ဒပြ ဒုက္ခသည်တွေထဲက သက်ကြီးပိုင်းနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ဩဂုတ်လ ၃၀ မှာ အစာငတ်ခံ ဆန္ဒပြတာယာယီရပ်နားထားတဲ့အချိန်မှာအင်ဖာအကျဉ်းထောင်က ထောင်တာဝန်ရှိသူတွေက အကျဉ်းသား မြန်မာစစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲ ပြန််လွှဲမယ်လို့ ခြိမ်းခြောက်တာမျိုးရှိတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ဆန္ဒပြတာက သြဂုတ်လ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလုပ်ပြီးတော့ ယာယီရပ်နားလိုက်တယ် ရပ်နားရတဲ့ အကြောင်းအရင်းက သက်ကြီးပိုင်းတွေနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ယာယီရပ်နားလိုက်တဲ့ သဘောပါ။ ဒါပေမယ့် လတိုင်းလတိုင်း ဆက်လက်ဆန္ဒပြသွားဖို့ ရှိပါတယ်ဆန္ဒပြပွဲရပ်နားတဲ့ချိန်မှာ ထောင်တာဝန်ရှိတဲ့သူတွေက သူတို့ကို လာပြီးတော့မှ ခြိမ်းခြောက်တာမျိုးတွေရှိတယ် အထူးသဖြင့် စကစ လက်ထဲကို မဏိပူရ်အစိုးရက အမြန်ဆုံးလွှဲပေးမယ် ဆိုတဲ့ဟာမျိုးနဲ့ ခြိမ်းခြောက်တာမျိုးရှိတယ် ဒါပေမယ့် တရားဝင်ပုံစံမျိုးနဲ့ လွှဲပေးတာမျိုးတော့ မဟုတ်ပါဘူးလို့ ကျနော်တို့ ယုံကြတယ်” လို့ပြောပါတယ်။

မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေက ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံပြန်လွှဲတာပြောင်းတာ တွေမလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အစာငတ်ခံဆန္ဒပြခဲ့ကြပြီးနောက် ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုထားပေမယ့် ထူးခြားလာခြင်းမရှိလို့ အစာငတ်ခံဆန္ဒပြတာကို သြဂုတ်လ ၂၆ ရက်နေ့ကစလို့ ထပ်မံ အစာငတ်ခံဆန္ဒပြကြတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၉၅ ဦးရှိပြီး အများစုဟာ စစ်ကိုင်းတိုင်းက ဒေသခံချင်းလူမျိုးတွေ ဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *