မျက်နှာမူရာဆီသို့ အရောက်လှမ်းခဲ့သူ ချင်းသတင်းသမား Pu Tui Dim ( ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ)

ရေး – DonBosco

Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌ စတင်တည်ထောင်ရာတွင်ပါ၀င်သူဖြစ်ကာ ချင်းပြည်နယ်၏ ပထမဆုံးသတင်းဌာနဖြစ်သော ခေါနူးသုမ် (Khonumthung News) ၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားမီဒီယာများစုဖွဲ့သည့် ကွန်ရက် (BNI) ကို တည်ထောင်သူ၊ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A)ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။

Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်၌ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ အခြားသော အရပ်သား ၉ ဦးနှင့်အတူ လူသားဒိုင်းအဖြစ် အသုံးပြုခံရကာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကာ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် သူကွယ်လွန်ခဲ့သည်မှာ (၃) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

နင်ဘယ်သွားမလို့လဲ လို့မေးလျှင် “ငါမျက်နှာမူရာဖက်ကိုသွားနေတယ်လေ” လို့ပြန်ဖြေတတ်သူ Pu Tui Dim ၏ အပြင်ပန်း ပုံရိပ်မှာ ဆိုင်ကယ်ဦးထုပ် ခပ်စောင်းစောင်း ဆောင်းလျက်၊ လက်အိတ်အမဲကို စွပ်ကာ ဆေးလိပ်ဖွာတတ်သည့် ရင်အုတ်ကားကားနှင့် လူကြီးလူကောင်းတစ်ဦး ဖြစ်သည်။ သို့သော် သူနှင့် ရင်းနှီးသူများအတွက်မူ Pu Tui Dim သည် ဟာသဉာဏ် ရွှင်သူ၊ မိတ်ဆွေအပေါ် ညီရင်းအစ်ကိုလို နွေးထွေးသူတစ်ဦး ဖြစ်သည်။

ကလေးမြို့ရှိ မိတ်ဆွေအိမ်တွင် ဟင်းချက်စားကြစဉ် ဂျင်းတုံးကို ရေမဆေးပဲ သစ်သားတုတ်ဖြင့် ထုထည့်ကာ “တောထဲမှာဆို ပါးစပ်နဲ့ ကိုက်ထည့်တာ၊ အရသာ အတူတူပဲ” ဟု ဆိုကာ ပြုံးပြခဲ့သည့် ဖြစ်ရပ်များမှာ ဘယ်သောအခါမှ မမေ့နိုင်စရာ ဖြစ်ရပ်များပင်။ သူသည် ဘဝ၏ အခက်အခဲနှင့် ကြမ်းတမ်းမှုများကို နာကျည်းချက်အဖြစ် မသိမ်းဆည်းဘဲ ဟာသတစ်ခုအဖြစ်သာ ပြောင်းလဲ ပြောပြတတ်သူ ဖြစ်သည်။

သူနဲ့ပတ်သက်ပြီး အမှတ်တရအချို့ ကို ပြန်ပြောင်းပြောရမည်ဆိုလျှင် တစ်ချိန်က ချင်းအမျိုးသားတပ်ဦး (CNF) ၏ တော်လှန်ရေးနေ့ (၂၇) နှစ်ပြည့် အခမ်းအနား ကျင်းပမည့် ဝိတိုရိယစခန်း (Victoria Camp) သို့ ကျွန်တော် တစ်ခါမျှ မရောက်ဖူးသဖြင့် လိုက်ပါရန် ဆုံးဖြတ်ခဲ့သည်။ ဟားခါးမြို့မှ ချင်းလူငယ်အဖွဲ့သည် ကားတစ်စီး သီးသန့်ငှားရမ်းကာ အခမ်းအနားတက်ရောက်ရန်နှင့် စခန်းရှိ အိမ်ထောင်ရှင်မများကို ခေါင်းလျှော်ရည်၊ ဆပ်ပြာလုပ်နည်းများ သင်ကြားပေးရန်အတွက် ကုန်ကြမ်းများပါ သယ်ဆောင်၍ ခရီးထွက်ရန် ပြင်ဆင်ကြသည်။ အစပိုင်းတွင် ကျွန်တော်သည် ထိုလူငယ်အဖွဲ့နှင့် လိုက်ပါရန် စီစဉ်ခဲ့သော်လည်း Pu Tui Dim က “လူငယ်တွေနဲ့ မလိုက်ပါနဲ့ဦး၊ ကျွန်တော်တို့ အေးအေးဆေးဆေး ဆိုင်ကယ်နဲ့ပဲ သွားကြရအောင်” ဟု ဆိုသဖြင့် သူနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက်မိသည်။

ကျွန်တော့်စိတ်ထဲတွင် စိုးရိမ်မှုတစ်ခု ရှိနေသည်။ ၎င်းမှာ စခန်းသို့သွားရာလမ်းရှိ စစ်ဆေးရေးဂိတ်များတွင် အခက်အခဲ ကြုံတွေ့ရမည်ကို ဖြစ်သည်။ ထိုစိုးရိမ်မှုကို Pu Tui Dim အား ဖွင့်ဟမိရာ သူက “ငါတစ်ယောက်လုံး ရှိနေတာပဲ၊ နင်က ဒါမျိုး ပြောထွက်တယ်” ဟု ပြန်လည်ပြောဆိုသဖြင့် ကျွန်တော် စိတ်အေးသွားရုံမျှမက မိမိကိုယ်မိမိ ယုံကြည်မှုပင် တိုးလာခဲ့သည်။ လူငယ်အဖွဲ့နှင့် သွားမည်ဆိုပါက နေရာထိုင်ခင်းများအတွက် ပူပန်ရန်မလိုသော်လည်း ကျွန်တော်သည် Pu Tui Dim နှင့်သာ လိုက်ပါရန် ဆုံးဖြတ်ခဲ့သည်။

အခမ်းအနားသို့ သွားမည့်သူများမှာ နံနက်စောစောကတည်းက ဟားခါးမြို့မှ  ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ကျွန်တော်တို့အုပ်စုမှာမူ မွန်းတည့်ခါနီးမှ ထွက်ဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့နှင့်အတူ မတူပီမြို့မှ ပူးမန်လိုင်လည်း ထန်တလန်ကိုရောက်နေပြီး အတူသွားကြမည် ဖြစ်သည်။ သူသည် စစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦး ဖြစ်ပါတယ်။  

ကျနော်တို့ သွားမည့် ခရီးစဥ်နဲ့ ပတ်သက်ပြီး လွန်ခဲ့သည့် တစ်လ၀န်းကျင်ကပင် ကွယ်လွန်သူ ချင်းအမျိုးသားတပ်မတော်က ဗိုလ်မှူးဆန်းသဲက ကင်းစခန်းများ စစ်ဆေးရင်း ရွာတစ်ရွာတွင် စောင့်နေမည်ဟု သူဟားခါးမြို့သို့ရောက်ခဲ့စဥ် ပြောကြားထားပြီး ဖြစ်သည်။

နေရှိန်မှာ အတော်အတန် မြင့်နေပြီဖြစ်သော်လည်း ဆောင်းအကုန် နွေအကူးကာလ ဖြစ်သဖြင့် ချင်းတောင်တန်း၏ လမ်းများမှာ ဖုန်ထူလျက် ရှိသည်။ ပူးမန်လိုင်မှာ ဖြည်းညှင်းစွာ လိုက်ပါမည် ဖြစ်သဖြင့် ကျွန်တော်နှင့် Pu Tui Dim မှာ ဆိုင်ကယ်ကို အရှိန်မြှင့် မောင်းနှင်ခဲ့ကြသည်။ ဆိုင်ကယ်အရှိန်မြှင့်မောင်းနှင်သည် ဆိုသော်လည်း သူ့ ဆိုင်ကယ်မောင်းနှုန်းမှာ လူငယ်ဖြစ်သည့် ကျနော့်အတွက် နှေးကွေးနေသည်။ ကျွန်တော်တို့ နှစ်ဦးစလုံး အအေးဒါဏ်ကို အန်တုနိုင်ဖို့ နဲ့ အန္တရယ်ကင်းဖို့ဆိုကာ ဆိုင်ကယ်ဦးထုပ်၊ အနွေးထည်၊ နေကာမျက်မှန်နှင့် နှာခေါင်းစည်း (Mask) များကို အပြည့်အစုံ ဝတ်ဆင်ထားကြသည်။ လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များ ရှိသဖြင့် သူ့နောက်မှသာ လိုက်ပါခဲ့သည်။ ရှေ့မှ ဆိုင်ကယ်ကြောင့် ဖုန်တလုံးလုံး ထနေသဖြင့် ကျွန်တော့်မျက်နှာနှင့် အဝတ်အစားများမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေတော့သည်။

ရှေ့ကဆိုင်ကယ်နှင့်လည်းသွားသေးသည်။ လမ်းတွင်ခေတ္တနားတိုင်း “နင့်ဆိုင်ကယ်ကော၊ လူကော ရစရမရှိတော့ဘူး။ Elen ဆပ်ပြာမှုန့်နဲ့ဆေးမှရမယ်”ဟုခနဲ့စကားဆိုသေးသည်။

သို့သော် ထန်တလန်မှ ထွက်ခွာစဉ်က သူပြောခဲ့သော “စစ်ဆေးရေးဂိတ်တွေမှာ ငါ့ကိုမြင်တာနဲ့ ဘယ်သူမှ မတားဘူး၊ အလေးပြုကြလိမ့်မယ်၊ ဆက်တိုက်သွားရုံပဲ” ဆိုသည့် စကားကို ကျွန်တော် သတိရကာ ကျေနပ်နေမိသည်။

“သူကရှေ့ကသွားမယ်၊ ဘယ်သူမှမတားပဲ သူ့ကိုအလေးပြုမယ်၊ သူနောက်ကပါလာတဲ့ကျနော့်ကိုလည်းအလေးများပြုမလားမသိဘူး” ဆိုသည့်အတွေးလေးဖြင့် သူ့နောက်ကမ‌လှမ်းလှတဲ့ အကွာအ‌ေ၀းကနေလိုက်နေခဲ့သည်။

သို့သော် လမ်းတစ်လျှောက်တွင်မူ သူသည် ဖုန်အထူဆုံးနေရာများကိုသာ ရွေးချယ်မောင်းနှင်နေသလား ထင်ရလောက်အောင် နောက်မှလိုက်သည့် ကျနော့်အတွက် ဖုန်ထူလှသဖြင့် ကျွန်တော်သည် လမ်းကို အထူးသတိထားကာ ခပ်လှမ်းလှမ်းမှသာ လိုက်ပါခဲ့ရသည်။ ဖုန်ထလွန်းသဖြင့် အကယ်၍သူသာ မတော်တဆ လမ်းမပေါ်တွင် ဆိုင်ကယ်မှောက်ခဲ့လျှင် နောက်ကနေ အမြင်၀ါး၀ါးဖြင့် ၀င်တိုက်ကောင်းတိုက်နိုင်သဖြင့် သတိထားမောင်နေရသည်။

ပထမဆုံး ချင်းအမျိုးသားတပ်ဦးထိန်းချုပ်သည့် စစ်ဆေးရေးဂိတ်သို့ ရောက်သောအခါ Pu Tui Dim မှာ ဆိုင်ကယ်ပေါ်မှပင် လက်ဟန်ပြနှုတ်ဆက်နေသည်ကို မြင်ရသဖြင့် ရဲဘော်ဟောင်းများကို နှုတ်ဆက်နေသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် အနားသို့ ရောက်သောအခါတွင်မူ ဂိတ်စောင့်ရဲဘော်များက သူ့အား မမှတ်မိသဖြင့် ဦးထုပ်၊ မျက်မှန်နှင့် နှာခေါင်းစည်းများကို ချွတ်ခိုင်းကာ စစ်ဆေးနေခြင်း ဖြစ်သည်။ သူက “ငါ့ကို သိလား” ဟု မေးမြန်းသော်လည်း တပ်သားက “မသိဘူး” ဟုသာ ပြန်ဖြေခဲ့သည်။

ထိုသို့ စစ်ဆေးမေးမြန်းနေစဉ် နောက်ကလိုက်လာသည့် ပူးမန်လိုင် ရောက်ရှိလာခဲ့ပြီး ရဲဘော်များက သူ့အား ချက်ချင်း အလေးပြုကြသည်။ ပူးမန်လိုင်က “သူတို့က ငါနဲ့အတူ လိုက်လာတာ” ဟု ပြောကြားပြီးနောက်မှာတော့ ကျွန်တော်တို့ဆက်သွားရန်ပြင်ကြသည်။ ပူးမန်လိုင်ကတော့ ရဲဘော်များအတွက် ချိုချဉ်ထုတ်များကို ကလေးတွေအတွက်လက်ဆောင်ယူလာပေးတာဟု စကားပြောရင်းကျနော်တို့ ကို သွားနှင့်ရန် လှမ်းပြောလိုက်သည်။

လမ်းကျယ်သည့် ရွာတွင်းသို့ ရောက်သောအခါ ဆိုင်ကယ်ကိုဘေးချင်းယှဥ်မောင်းလျက် ကျွန်တော်က “သူတို့က ဘာလို့ ခင်ဗျားကို တားကြတာလဲ” ဟု မေးရာ သူက “သူတို့က ငါ့ကို မသိသလို၊ ငါလည်း သူတို့ကို မသိဘူးလေ” ဟု ရိုးရိုးလေးပင် ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ဖုန်တလုံးလုံးကြား မိနစ်အတော်ကြာအတက်အဆင်းမောင်းလိုက်၊ ဘယ်ကွေ့လိုက်၊ ညာကွေ့လိုက်နဲ့ဆက်သွားပြီးနောက် နောက်ထပ်ရွာတစ်ရွာသို့စ၀င်လေသည်။ ထိုရွာအ၀င်လမ်းမှာတော့ ဖုန်သိပ်မထပဲ ကျောက်ခင်းလမ်းနဲ့မြေသားလမ်းရောယှက်ထားသည့်လမ်းဖြစ်သဖြင့် သူ့နောက်က နီးနီးကပ်ကပ်ပဲ ဆိုင်ကယ်နဲ့လိုက်လေသည်။ စစ်ဆေးရေးဂိတ်ရောက်တော့ သူခပ်တည်တည်ပင် “နေကောင်းကြလား” ဟုရဲဘော်များကိုနှုတ်ဆက်လိုက်လေသည်။ “နေကောင်းပါတယ်” ဟုပြန်ဖြေရင်း ဆိုင်ကယ်ကို တားကြပြန်သည်။ “ဘယ်ကလာတာလဲ၊ ဘယ်အထိသွားမှာလဲ” စသည်ဖြင့် အမေးမြန်းခံရပြန်သည်။

သူကလည်းရဲဘော်များကသူ့ကို မှတ်မိလိုမှတ်မိငြား ဦးထုပ်နှင့် မျက်မှန်တွေကိုချွတ်လိုက်သည်။ Mask ကိုလည်းချွတ်လိုက်သည်။ စကားကိုပင်တစ်ခွန်းမျှမပြောပေ။ သို့သော် အစောင့်တပ်သားတွေက မသိဖြစ်ပြန်သည်။

သို့နှင့်သူကပဲအရင် “ခဏ …. နောက်မှာ တစ်ယောက်လိုက်လာတယ်။ စောင့်ရအောင်” ဟုတပ်သားကိုပြောသဖြင့် တပ်သားကလည်း လမ်းကိုတစ်မျှော်မျှော်ကြည့်ရင်း ဘာများလဲဆိုသည့်ပုံစံဖြင့် စောင့်ပေးသည်။ သို့နှင့်တစ်အောင့်ကြာလျှင် ပူးမာန်လိုင်ရောက်လာသည်နှင့် “ဟိုမှာတွေ့လား … သူနဲ့အတူလာတာ၊ သူဆိုင်ကယ်မောင်းတာမကျွမ်းလို့ နောက်မှာကျန်ခဲ့တာ … သွားလို့ရပြီလား” ဟုဆိုရာ ကျနော်တို့ နှစ်ယောက်လုံးဆက်သွားနိုင်ခဲ့သည်။

တောလမ်းရှိ ကင်းစခန်းတစ်ခုအရောက်တွင် ပစ္စတိုသေနတ်ကိုခါးမှာချိတ်ထားလျက် နေကာမျက်မှန်နဲ့ စစ်၀တ်စုံအပြည့်၊ ဘေးနားတွင် တပ်သား နှစ်ဦးနဲ့ ဗိုလ်မှုးဆန်းသဲကို လှမ်းမြင်ရသည်။ ဗိုလ်မှူးဆန်းသဲကို တွေ့ဆုံကာ ခေတ္တစကားပြောဖြစ်ကြသည်။ ခရီးဆက်ခွင့်ရစဉ်တွင်မူ ဗိုလ်မှူးဆန်းသဲက နောက်ဆုံးစခန်းဖြစ်သော Tlangpi ရွာသို့ Icon ဖုန်းဖြင့် အကြောင်းကြားပေးလိုက်သဖြင့် ထိုစခန်းသို့ ရောက်သောအခါ တာဝန်ခံက ကြိုတင်စောင့်ဆိုင်း၍ အလေးပြုနှုတ်ဆက်သည်ကို တွေ့ရသည်။ ထိုသူမှာလည်းတစ်ခြားသူမဟုတ်ပေ။ Pu Tui Dim နှင့် စစ်ရေးသင်တန်း အပတ်စဥ်ရှေ့ဆင့်နောက်ဆင့် တက်ခဲ့သူများဖြစ်သည့် မိတ်ဆွေများဖြစ်သည်။ ထိုအခါမှသာ ကျွန်တော် ကျေနပ်သွားရသည်။ ကျွန်တော် ကျေနပ်ရခြင်းမှာ အလေးပြုခံရ၍ မဟုတ်ဘဲ၊ လက်နက်ကိုင်လမ်းစဉ်မှ သတင်းသမားဘဝသို့ ပြောင်းလဲခဲ့သော်လည်း မိမိတို့၏ စီနီယာဟောင်းကို လေးစားတန်ဖိုးထားဆဲ ဖြစ်သည်ကို တွေ့မြင်ရ၍ ဖြစ်သည်။

ကျနော်လည်း ဖြစ်စဥ်များကိုပြန်စဥ်းစားပြီး ကိုယ့်အမြင်နဲ့ကိုယ်မသုံးသပ်ချင်တာကြောင့် သူ့ကိုမေးလိုက်သည်။ “ဘာလို့ စခန်းတစ်ခုနဲ့တစ်ခုက ခင်ဗျားကို ဆက်ဆံပုံချင်း မတူတာလဲ” ဟု ကျွန်တော်က မေးမြန်းရာ သူက

 “ငါ တပ်ထဲရောက်ချိန်မှာ ဂိတ်စောင့်နေတဲ့ ကလေးတွေက မွေးတောင် မမွေးသေးဘူး၊ မွေးရင်တောင် ဘာအမွှေးမှပေါက်အုံးမှာမဟုတ်ဘူး ” ဟု ဟာသနှော၍ ဖြေကြားခဲ့သည်။

ကျနော်အားပါးတစ်ရရယ်လိုက်သည်။ ကျတော်အရယ်ရပ်တော့ … “နာမည်သိဖူးကောင်းသိဖူးမယ်။ ဒါပေမယ့် လူနဲ့နာမည်နဲ့ ဘယ်လိုတွဲနိုင်မလဲ၊ သူတို့ တာ၀န်ကျေတယ်” လို့ဆက်ပြောခဲ့သည်။

သူ့မိတ်ဆွေရေခပ်ပြီး ပြန်ရောက်လာတော့ သူ့မိတ်ဆွေအတွက် ဖက်ကြမ်းဆေးလိပ်တစ်စည်းယူလာပေးသည်ကို ပေးလိုက်သည်။ အဆိုပါစခန်းအ၀င်မှာတော့ လမ်းညာဖက်၊ ဘယ်ဖက်မှာ သဲအိတ်တွေနဲ့ အစီအရီလုပ်ထားပြီး စက်သေနတ်တစ်လက်စီနဲ့ လမ်းဖက်ကိုချိန်လျက်သားရှိသည်။ သို့သော် တကယ့်စခန်းကတောင်လျှိုဖက်မှာဖြစ်သည်။ အလည်လိုက်ခဲ့ဖို့ခေါ်ပေမယ့်လည်း ပူးမန်လိုင်ကိုစောင့်နေရင်းမို့ နားနေတာဖြစ်သည့်အတွက် စခန်းမလိုက်တော့ဟုသာ ငြင်းလိုက်သည်။

သို့နှင့်ပူးမာန်လိုင်ရောက်လာသည်နှင့်စကားအနည်းငယ်ပြောပြီး သူကတော့ ဌာနချုပ်ရှိရာဖက်ကိုဆက်သွားသည်။ သူဆက်မသွားခင် Pu Tui Dim ကို “အိပ်မယ့်နေရာစီစဥ်ထားပြီးသား၊ ဂိတ်ရောက်တာနဲ့ စာရင်းပေးပြီး အဲဖက်အဆောင်ကိုသာတန်းလာခဲ့” ဟူ၍မှာခဲ့သည်။

စခန်းရောက်တော့ ကျွန်တော်သည် လူငယ်အဖွဲ့ထံသို့ သွားရောက်ရန် ပြင်ဆင်စဉ် Pu Tui Dim က “နင် အဲဒီကို သွားနှင့်တော့၊ ငါကတော့ ဒီအဆောင်မှာပဲ တည်းမယ်ထင်တယ်၊ ညစာစားမှ ပြန်ဆုံကြမယ်” ဟု နှုတ်ဆက်သည်။

 “ဟုတ်ပြီ၊ ကျွန်တော်လည်း အဲဒီဘက်ကို သွားတော့မယ်” ဟု ပြောဆိုကာ ဆိုင်ကယ်ဖြင့် သူတို့ညွှန်းဆိုသည့် လမ်းကြောင်းအတိုင်း ဆက်လက်ဆင်းလာခဲ့သည်။ သို့သော် လမ်းဆင်းရာတွင် ညာဘက်သို့ ချိုးရမည့်အစား တည့်တည့်မောင်းနှင်မိသဖြင့် နေရာမှားသွားခဲ့သည်။ ကျွန်တော် ရောက်ရှိသွားသည့်နေရာမှာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တီအို (Tio) ချောင်းနှင့် နီးကပ်သော အဆောက်အအုံတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အမျိုးသမီးများကိုသာ တွေ့ရသော်လည်း လူငယ်အဖွဲ့မှ အမျိုးသမီးအချို့ကိုပါ တွေ့ရှိသဖြင့် ၎င်းတို့ကို နှုတ်ဆက်ရင်း “ကျန်တဲ့သူတွေကော ဘယ်မှာလဲ” ဟု မေးမြန်းကြည့်ရာ လေ့ကျင့်ရေးစခန်းဘက်တွင် တည်းခိုကြကြောင်း သိရသည်။

 စခန်းနယ်မြေအတွင်း ဖြစ်သဖြင့် ကျွန်တော် ယောင်လည်လည် ဖြစ်နေမည်စိုးသောကြောင့် ရဲမေနှစ်ဦးက လိုက်လံပို့ဆောင်ပေးသည်။ ထိုသို့ဖြင့် ဧည့်သည်အမျိုးသားများ တည်းခိုရာနေရာသို့ ရောက်ရှိသွားပြီး မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရသည်။

အဆိုပါ အဆောက်အအုံများမှာ အမိုးနှင့် အကာရှိသော်လည်း ပြတင်းပေါက်နှင့် တံခါးများ မရှိချေ။ အထဲတွင် ကုတင်များရှိပြီး တစ်အိမ်လုံးကို သွပ်များဖြင့် ကာရံကာ သွပ်များဖြင့်ပင် မိုးထားသည်။ ကုတင်လေးခုကြားတွင် ထင်းပုံများကို တွေ့ရသဖြင့် ကျွန်တော် အံ့သြသွားကာ “အိပ်ရာဘေးမှာ မီးမွှေးပြီး အိပ်ကြတာလား” ဟု မေးကြည့်မိသည်။ အမှန်တကယ်ပင် အိမ်ထဲရှိ ကုတင်များဘေးတွင် မီးမွှေး၍ အိပ်ကြခြင်း ဖြစ်သည်။ အဆိုပါ အိပ်ဆောင်မှ ထွက်လိုက်လျှင် ဘောလုံးကွင်းအရွယ်အစားနီးပါးရှိသော လေ့ကျင့်ရေးကွင်းကို တွေ့ရသည်။ ရုပ်ရှင်ဇာတ်ကားများထဲတွင် မြင်တွေ့ရလေ့ရှိသည့် စစ်သားများ လေ့ကျင့်ရန် ပြင်ဆင်ထားသော ကြိုးတန်းများ၊ ဝါးတန်းများနှင့် ကားတာယာဘီး အစရှိသည်တို့ကို တွေ့ရှိခဲ့ရသည်။

ခေတ္တနားပြီးနောက် လူအားလုံး ရေချိုးရန် ပြင်ဆင်နေကြသဖြင့် ကျွန်တော်လည်း ရေချိုးရန် ပြင်ရသည်။ ရေချိုးမည့်နေရာမှာ အဆိုပါ အဆောက်အအုံဘေး ပတ်ဝန်းကျင်တွင် မရှိချေ။ ထူထပ်လှသော သစ်ပင်များနှင့် တောအုပ်ကြားရှိ ကားတစ်စီးစာ လမ်းများ၊ ဗိုလ်အဆင့်ရှိသူများ နေထိုင်သည့် အိမ်ရာများကိုသာ တွေ့ရသည်။

“ရေချိုးကြရအောင်၊ ငါးနာရီမှာ ညစာစားမယ်” ဟု တစ်ဦးက လှမ်းအော်သဖြင့် အားလုံးက ဆိုင်ကယ်သော့များ ရှာဖွေနေကြသည်ကို တွေ့ရသဖြင့် ကျွန်တော် အံ့သြသွားခဲ့ရသေးသည်။ အဝတ်အစားနှင့် ဆပ်ပြာများ ယူဆောင်ကာ တီအိုချောင်းသို့ ဆိုင်ကယ်ဖြင့် သွားရောက်ချိုးရခြင်း ဖြစ်သည်။ လိုအပ်သည့် ပစ္စည်းများ ထည့်သွင်းပြီးနောက် ဆိုင်ကယ်ဖြင့် ချောင်းသို့ သွားကြရာ ချောင်းထဲတွင် အမျိုးသမီးများလည်း ရေဆင်းချိုးနေချိန် ဖြစ်သဖြင့် အတော်ပင် ပျော်စရာကောင်းလှသည်။ အချို့မှာ ရင်းနှီးပြီးသားသူများ ဖြစ်သော်လည်း အချို့မှာ မျက်နှာစိမ်း ဧည့်သည်များ ဖြစ်ကြသည်။

၎င်းတို့နှင့်အတူ ရဲမေများ လိုက်ပါပေးသော်လည်း ကျွန်တော်တို့ အမျိုးသားများအတွက်မူ မည်သည့်အစောင့်အရှောက်မျှ မရှိချေ။ “လိုက်လာတဲ့ ရဲမေတွေက အမျိုးသမီးတွေကို ထိန်းဖို့ လိုက်လာတာမဟုတ်ဘဲ၊ အမျိုးသမီးတွေကို ယောက်ျားသားတွေက ပြဿနာရှာမှာကို ကာကွယ်ဖို့ ဖြစ်လိမ့်မယ်” ဟု မိမိကိုယ်မိမိ ခပ်ပြုံးပြုံးဖြင့် တွေးရင်း ချောင်းထဲသို့ ဆင်းခဲ့သည်။

အေးစက်လှသော နယ်စပ်ချောင်းထဲတွင် ရေချိုးကြသည်။ တစ်နေကုန် ဖုန်တလုံးလုံးဖြင့် ဆိုင်ကယ်မောင်းနှင်လာခဲ့ရသဖြင့် ရေချိုးလိုက်ရသည်မှာ အနည်းငယ် သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်။ ရေချိုးပြီးနောက် ဆိုင်ကယ်ဖြင့်ပင် တည်းခိုဆောင်သို့ ပြန်ကြရသည်။ အမျိုးသမီးများ လှမ်းမြင်နေရသည့် ချောင်းတွင် ရေချိုးခဲ့ရသဖြင့် အသန့်ရှင်းဆုံးဖြစ်အောင် ချိုးခဲ့သမျှသည် အပြန်ခရီးတွင် အချည်းအနှီးသာ ဖြစ်တော့သည်။ ရှေ့ဆိုင်ကယ်မှ ထွက်လာသော ဖုန်တလုံးလုံးကြားတွင် နောက်မှ ကပ်လိုက်ရသဖြင့် အလွန်ပင် စိတ်ကသိကအောင့် ဖြစ်ရသည်။ “သွားနှင့်ပါစေဦး” ဟူ၍ ဖြည်းဖြည်းချင်း မောင်းသော်လည်း နောက်မှ ဆိုင်ကယ်တစ်စီးက အရှိန်ဖြင့် ကျော်တက်သွားသဖြင့် ဖုန်များကြားမှာပင် တည်းခိုဆောင်သို့ ပြန်ရောက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရေချိုးထားသည်ဟူသော အသိက မိမိကိုယ်မိမိ ယုံကြည်မှု ရှိစေသည်မှာတော့ အမှန်ပင်ဖြစ်သည်။

တည်းခိုဆောင်သို့ အဝင်တွင် ကုတင်တစ်လုံးပေါ်၌ ကျောပိုးအိတ်တစ်လုံးဖြင့် ဆေးပြင်းလိပ် ကိုင်ရင်း ငုတ်တုပ်ထိုင်နေသော Pu Tui Dim ကို အမှတ်မထင် တွေ့လိုက်ရသည်။ ထမင်းစားရန် လာရောက်ခေါ်ဆောင်ခြင်းဟု ထင်မှတ်ခဲ့သော်လည်း သူက လူကြီးပိုင်းများ တည်းခိုသည့်နေရာတွင် တည်းရမည်ဖြစ်ရာ ကျွန်တော်ရှိရာအထိ လာခေါ်ရန်မှာမူ ရုတ္တိမရှိချေ။

သို့နှင့် သူ့ကို “ဟိုမှာတည်းဖို့ စီစဉ်ထားတယ်ဆို” ဟု မေးမြန်းရာ သူက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ပြုံးစိစိဖြင့် “ငါလည်း ဒီမှာပဲ အိပ်မလို့၊ အေးအေးဆေးဆေး စခန်းကို လာလည်ချင်လို့ လာပါတယ်ဆိုမှ ဟိုမှာက ကြီးကြီးကျယ်ကျယ်တွေနဲ့ ရှုပ်ရှက်ခတ်နေတာပဲ၊ ဒါကြောင့် အဲဒီမှာ မအိပ်တော့ဘူးဆိုပြီး ဒီဘက်ဆင်းလာတာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နောက်ရက်မှ သိလိုက်ရသည်မှာ လမ်းခုလတ်တွင် ဆုံတွေ့ခဲ့သော ဗိုလ်မှူးဆန်းသဲသည် ရွာမှ စခန်းသို့ ပြန်လာပြီးနောက် Pu Tui Dim အား ၎င်း၏ အိမ်နှင့်နီးသော နေရာတွင် တည်းခိုရန် လိုက်လံခေါ်ဆောင်ခြင်းကြောင့် ကျွန်တော်တို့ တည်းခိုရာနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အမှန်စင်စစ် ဗိုလ်မှူးဆန်းသဲမှာ မိတ်ဆွေရင်း ပီသစွာဖြင့် သူ့ကို ညတိုင်း ဧည့်ဝတ်ကျေပွန်ခဲ့သည်။ ကျွန်တော်မှာမူ လူငယ်များနှင့်အတူ ထမင်းဝိုင်းထဲ ရောက်သွားလိုက်၊ ညပိုင်းတွင် Pu Tui Dim နှင့်အတူ ဗိုလ်မှူးဆန်းသဲ၏ ဧည့်ခံမှုတွင် ပါဝင်အားဖြည့်လိုက်ဖြင့် ရှိနေခဲ့သည်။

CNF Camp မှာ သုံးရက်သုံးည နေထိုင်ပြီးနောက် စခန်းမှ Pu Tui Dim နှင့် ဆိုင်ကယ်ဖြင့်ပင် ပြန်လာခဲ့ကြသည်။ ထန်တလန်တွင် ခေတ္တဝင်နားပြီးနောက် ဟားခါးမြို့သို့ ပြန်ရောက်ခဲ့ကြသည်။ Pu Tui Dim နှင့် ကျွန်တော်သည် ဟားခါးသို့ ရောက်လျှင်ရောက်ချင်း အိမ်သို့မပြန်သေးဘဲ ဆိုင်သို့ သွားကြသေးသည်။ ထိုစဉ်က စားပွဲဝိုင်းတွင် သူ့ကို “ကျွန်တော်တို့ ခရီးစဉ်ကတော့ တကယ့် အမှတ်တရပဲ၊ အဲဒီအကြောင်းကို ရေးဦးမယ်” ဟု ပြောခဲ့မိသည်။

Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် မတူပီ-ဟားခါး လမ်းပေါ်၌ အခြားသော အရပ်သား ၉ ဦးနှင့်အတူ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သတင်းသမားတစ်ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည့် လုပ်ရပ်ဖြစ်သော်လည်း စစ်ကော်မရှင်သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၅၅ နှစ်အရွယ် Pu Tui Dim အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အာဏာသိမ်းပြီးနောက် Pu Tui Dim အပါအဝင် သတင်းသမား အနည်းဆုံး ၁၀ ဦးကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၅၀ ကျော်မှာ ထောင်သွင်းအကျဉ်းချခံထားရဆဲ ဖြစ်သည်။ ဤကိန်းဂဏန်းများသည် မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ မည်မျှအထိ ပျောက်ဆုံးနေသည်ကို ပြသနေသည့် သာဓကများပင် ဖြစ်သည်။

ကျနော်ပြသနာတစ်ခုခုကြုံတိုင်း သူအားပေးစကားတစ်ခွန်းတည်း ပြောလေ့ရှိသည့် “အချိန်က အဖြေပေးပါလိမ့်မယ်” ဆိုသည့် Pu Tui Dim ၏ စကားအတိုင်းပင်၊ ယခုအခါ သူ၏ ပေးဆပ်မှုနှင့် ရပ်တည်ချက်သည် မည်မျှ မှန်ကန်ခဲ့ကြောင်း အချိန်က သက်သေပြနေပြီ ဖြစ်သည်။ သူသည် သူသွားလိုသည့် လွတ်လပ်သော ချင်းပြည်နယ်နှင့် ဒီမိုကရေစီ ခရီးလမ်းဆီသို့ အစဉ်အမြဲ မျက်နှာမူခဲ့သည်။

Pu Tui Dim… နင် ဘယ်သွားမလို့လဲ? သူ သွားမည့်နေရာကို သူ မျက်နှာမူထားခဲ့ပြီးပြီ။ ထိုနေရာသည်ကား ဖိနှိပ်မှုများ ကင်းစင်ပြီး တရားမျှတမှု ထွန်းကားသော နယ်မြေတစ်ခုပင် ဖြစ်ပေလိမ့်မည်။

Leave a Reply

Your email address will not be published. Required fields are marked *