
ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာ
ပြည်ပနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်ထားရင် အလုပ်အကိုင်အတွက်ထုတ်ပေးသည့် PJ passport အမျိုးအစားကို လျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြည်ပအလုပ်အကိုင်အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာသွားရောက်လုပ်ကိုင်ကြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ ပြည်ပနိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား(PV)ကို ကိုင်ဆောင်ပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တာတွေရှိပြီး ပြည်ပမှာအခက်ခဲ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ရင် ကူညီဖြေရှင်းပေးဖို့ အခက်ခဲများစွာကြုံရတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားပါတယ်။ ပြည်ပကို အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်သမားမှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပကို သွားရောက်လုပ်ကိုင်ကြဖို့ အလုပ်သမား ဝန်ကြီးဌာက ကြေညာပါတယ်။ OWIC ကဒ်မရှိဘဲ ပြည်ပမထွက်ခွာခင် တွေ့ရှိရင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်ကြောင်း ဥပဒေကို ပြဌာန်းထားကြောင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။