
ဧပြီလ ၁၁ ရက်။
၅ လ ကြာမြင့်ခဲ့တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အညာမြေ မန္တလေးတိုင်းအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော် (၇)ဦး၊ တီးတိန်မြို့နယ်အခြေစိုက် PDF-Zoland တပ်ဖွဲ့က ၁၀ ဦး ကျဆုံးခဲ့ရပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော် (၃)ဦး ခြေလက်အင်္ဂါဆုံးရှုံးခဲ့ကာ ရဲဘော် (၃၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MBT နဲ့ PDF-Zoland တပ်ဖွဲ့က မနေ့ဧပြီလ ၁၀ ရက်နဲ့ဒီနေ့ဧပြီလ ၁၁ ရက်နေ့မှာ အသီးသီးသတင်းထုတ်ပြန်ပါတယ်။
Myingyan Black Tiger (MBT)က “ယခုအချိန်တွင် ချင်းပြည်နယ် ဖလမ်းမြိုသည် စကစ ကင်းစင်နယ်မြေအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့သော ကျားမဲ Commando စစ်ကြောင်းနှင့်ကျားမဲစစ်ကြောင်း (၇)မှ ရဲဘော်များ၏ ဇွဲ၊လုံးလ၊သတ္တိနှင့် အမိန့်နာခံမှုတိုအား မိမိတို MBTတပ်ဖွဲမှ အထူးပင်ဂုဏ်ယူလေးစားမိတယ်” လို့ ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဝင်၊ PDF – Zoland တပ်ဖွဲ့က ၁၀ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ PDF – Zoland က ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်(CB) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF ,Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့) ,Generationa Z Army (GZA), Giant Revolution Force (GRF) ,Harmonious Northern Brother (HNB), Kalay Revolution Force (KRF) ,Kalay Urban Guerrialla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA),Revolvtion Ambulance Wolf ( RAW Medical Team) ,Sagaing Federal Troop (SFT – စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု) ,Yaw Defense Force (YDF) ,Zo Army (ZA) ,ကလေးခရိုင် ပကဖနှင့် ဒရုန်းအဖွဲ့တွေက ပါဝင်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီလို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဧပြီလ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။