
ဧပြီလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ ကြံသာရွာက စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်စခန်းကို ဧပြီလ ၁၁ ရက်နေ့က ချင်းတော်လှန်ရေး အင်အားစုတွေပါဝင်တဲ့ မဟာမိတ်အင်အားစုတွေနဲ့အတူ အပြီးသတ်ချေမှုန်းရှင်းလင်းနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF) က ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ကလေးမြို့နယ်၊ ကြံသာရွာက စစ်ကောင်စီအခြေစိုက် စခန်းကို ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း ၁၂ ရဲဘော်တွေ KKG – CDF ၊ ဟံသာဝတီ (ပကဖ) ၊ CDF – SIYIN ၊ ကလေးခရိုင်စစ်ဒေသ၊ ထန်တလန် DR အဖွဲ့တွေနဲ့အတူ လက်တွဲပြီး အပြီးသတ်ချေမှုန်းရှင်းလင်းနိုင်ခဲ့တာလို့ ABSDF ကထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းမှာတည်ရှိတဲ့ ကြံသာရွာမှာ ပျူစောထီးအားကောင်းတဲ့ ဒေသဖြစ်တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပြည်သူ့စစ်နဲ့ ပျူစောထီးအပါအဝင် ၁၅ ဦးဝန်းကျင်လောက် သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်ဆည်းရရှိခဲ့ပါတယ်။