

Salai Siiptui
ချင်းတို့၏ နိုင်ငံရေးပြောင်းလဲမှုအသစ်တစ်ခုဖြစ်စေ၊ ဖက်ဒရယ်ပြည်နယ်ဖြစ်စေ ရလာသည့်အခါ ချင်းလူမျိုးများ နဖူးတွေ့ဒူးတွေ့ ဆွေးနွေးရမည့် ခေါင်းစဉ်မှာ မျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံရေးစနစ်ပုံဖော်နိုင်ရေးဖြစ်ပါသည်။ ချင်းမျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံ ရေးစနစ်ပုံဖော်နိုင်ရန်မဲဆန္ဒနယ်များ မည်သို့မည်ပုံသတ်မှတ်ကြမည်နည်း။
၂၀၀၈ ခြေဥအရ မြို့နယ်အလိုက် မဲဆန္ဒနယ်သတ်မှတ်ထားပါသည်။သို့သော်ချင်းလူမျိုးများ၏ပကတိဖြစ်တည်သောလူမှုအဆောက်အအုံမှာမျိုးနွယ်စုကိုအခြေခံပါသည်။ ချင်းလူမျိုးများ ကိုယ်ပိုင်ဥပဒေပြဌာန်းည့်အခါ မျိုးနွယ်စုအသီးသီး တန်းတူရေးကိုအခြေခံဖို့လိုပါသည်။ စာရေးသူ လက်လှမ်းမီသလောက် ကိုးကားဖော်ပြပါမည်။ (ကျွန်တော်ဖော်ပြသော မျိုးနွယ်စုအမည်များနှင့်မဖော်ပြသောမျိုးနွယ်စုအမည်များအကြား ခွဲခြားမှုဖြစ်စေ၊မြို့နယ်တွင်း ပဋိပက္ခကိုဦးတည်စေသောရည်ရွယ်ချက်ဖြစ်စေ လုံးဝ(လုံးဝ)မရှိပါ။ကိုးကားချက်သက်သက်ဖြစ်သည်။အမှားအယွင်းရှိပါက စာရေးသူ၏အားနည်းချက်သာဖြစ်ပါသည်။)
၂၀၀၈ ခြေဥအရ Dai မဲဆန္ဒနယ်မရှိပါ။ မင်းတပ်မဲဆန္ဒနယ်သာရှိပါသည်။ Mara မဲဆန္ဒနယ်၊Zotung မဲဆန္ဒနယ်မရှိပါ။ မတူပီမဲဆန္ဒနယ်သာရှိပါသည်။ Zophei, Lautu, Senthang မဲဆန္ဒနယ်မရှိပါ။ဟားခါးမဲဆန္ဒနယ်၊ထန်တလန် မဲဆန္ဒနယ်သာရှိပါသည်။ Zanniat, Ngawn, Khualsim မဲဆန္ဒနယ်မရှိပါ။ဖလမ်း မဲဆန္ဒနယ်သာရှိပါသည်။ သဘာဝအရ မျိုးနွယ်စုများဖြင့် ဖြစ်တည်ကြရသော ချင်းလူမျိုးများသည် နိုင်ငံခြားရောက်သည့်အခါ၊မြန်မာပြည်တွင်းချင်းပြည်ပြင်ပရောက်သည့်အခါ မျိုးနွယ်စု Community များပို၍အားကောင်းလာပါသည်။ လက်နက်ကိုင်တော်လှန်ရေးအထိ မြို့နယ်ထက်မျိုးနွယ်စုအခြေပြု စုဖွဲ့မှုရှိလာသည်။
နွေဦးတော်လှန်ရေး ကာလတွင်လည်း CDF-Zophei CDF-Lautu CDF-Zotung စသောအဖွဲ့အစည်းများကိုကြည့်ခြင်းဖြင့် အနာဂါတ်ချင်းပြည်နယ်အတွင်း မျိုးနွယ်စုအလိုက် ဖြစ်ပေါ်တိုးတက်လာမည့်ပုံရိပ်ကိုမှန်းဆနိုင်ပါသည်။ ချင်းပြည်နယ်၏အစိတ်အပိုင်းများသည် မိခင်ဒေသသုံးစကား(Dialect)ပြောမျိုးနွယ်စုအလိုက်နေထိုင်ရာဒေသများအဖြစ်ဖွဲ့စည်းထားပါသည်။လွန်ခဲ့သောဆယ်စုနှစ်များတွင်မြို့ပြများရှိသောဒေသရှိ မျိုးနွယ်စုများနှင့်မြို့ပြမရှိသေးသောဒေသရှိမျိုးနွယ်စုများကြား ပညာရေး၊စီးပွားရေး၊နိုင်ငံရေးအခြေအနေများကွာဟမှုရှိခဲ့ပါသည်။ထိုအခြေအနေများကြောင့်နိုင်ငံတော်မှပေးသောအခွင့်အရေးများရရှိမှုကွာဟလာခဲ့ပြီးမျိုးနွယ်စုကြားအားပြိုင်မှုကိုတွန်းပို့ခဲ့ပါသည်။ မြို့ပြမရှိသည့်အပြင် မျိုးနွယ်စု တစ်ခုဖြစ်ပါလျက်မြို့နယ် ၃ ခု ၄ခု တွင်ပြန့်ကျဲခဲ့ကြသော မျိုးနွယ်စုများအနေဖြင့် မိမိတို့မျိုးနွယ်စုတွင်းအဖွဲ့အစည်းအခိုင်အမာတည်ဆောက်ရေးအားထည့်ဖို့အကြောင်းတရားဖြစ်လာစေခဲ့သည်။
အတိတ်သမိုင်းမှာ ချင်းတစ်မျိုးသားလုံးကိုယ်စားနေရာယူပြီးမျိုးနွယ်စုအရေး ဦးစားပေးမှုများကြောင့် ချင်းတစ်မျိုးသားလုံးအရေးကိစ္စများ အားနည်းခဲ့ပြီးမျိုးနွယ်စုများအကြားတင်းမာမှုများရှိခဲ့လျှင်သင်ခန်းစာယူကြရပါမည်။ လာမည့်အနာဂါတ်တွင် ချင်းဟူသည့်အမျိုးသားနာမည်ယူသုံးပြီးမျိုးနွယ်စုတစ်ခုအကျိုးစီးပွားအတွက်အသုံးချခြင်းအဆုံးသတ်ရပါမည်။ ချင်းတစ်မျိုးသားလုံးအကျိုးစီးပွားအတွက်ဦးတည်ဆောက်ရွက်မှုရိုးမှန်ကန်ခဲ့လျှင် မည်သည့်မျိုးနွယ်ဦးဆောင်ပါစေ ကျန်မျိုးနွယ်များ လိုက်ပါပူးပေါင်းနိုင်ရပါမည်။ မျိုးနွယ်စုစွဲ၊ဒေသစွဲရှိနေသ၍ချင်းလူမျိုးများစည်းလုံးဖို့ခက်ခဲမည်ဟူသောအယူအဆမှသည် မျိုးနွယ်စုများအားလုံပါဝင်ပေါင်းစည်းဖို့ဘယ်လိုစနစ်မျိုးထူထောင်ကြမလဲဆိုတဲ့အယူအဆဆီ သတ္တိ ရှိရှိ တိုးဝင်ချဥ်းကပ်ကြရတော့မည်။ အမြော်အမြင်ကြီးသောမျိုးနွယ်စုခေါင်းဆောင်းများသည် ချင်းတစ်မျိုးသားလုံးအရေးအတွက် စုရပ်တစ်ခုမှာစုပြီး ထိုမှတဆင့်လေးစားထိုက်သော ချင်းခေါင်းဆောင်များကိုမွေးထုတ်ပေးကြရပါလိမ့်မည်။
ဝေဖန်ထောက်ပြစရာများစွာရှိနေလင့်ကစား CNF သည်စုဖွဲ့မှု၊ဖြစ်တည်မှုအရ လတ်တလော တော်လှန်ရေးကာလတွင် ချင်းတို့၏ သင့်တော်သောစုရပ်အဖြစ်ရှုမြင်ပါသည်။CNF တွင်အကြိမ်ကြိမ်ပြန်လည်ပြုပြင်ထားသောချင်းပြည်နယ်ဖွဲ့စည်းပုံမူကြမ်းလည်း ရှိပါသည်။ CNF ဘက်ကလည်း မြေပြင်မှာချင်းပြည်သူများနဲ့ ထိတွေ့ဆက်ဆံရေး များများတည်ဆောက်နိုင်မှသာ ချင်းလူထုအပေါ်လက်ရှိထက်ပို၍သြဇာညောင်းနိုင်မှာဖြစ်ပါသည်။ CNF အနေနဲ့ချင်းတစ်မျိုးသားလုံး ဒီထက်ပိုစည်းလုံးလာဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးအတွက် မျိုးနွယ်စုပေါင်းစုံမှချင်းလူငယ်များအားတံခါးဖွင့်ပေးထားရပါလိမ့်မည်။
သဘာဝကပေးထားသော နယ်မြေနှင့်မျိုးနွယ်စုဖြစ်တည်မှုကြောင့် ကွဲပြားစရာအကြောင်းအရာတွေသည်တစ်လုံးတစ်ဝတည်း ဖြစ်ရေးထက်ပို၍အားကောင်းနေသယောင်ရှိပါသည်။သို့သော် လက်ရှိပကတိရင်ဆိုင်နေရသောစိန်ခေါ်မှုမှာ တစ်လုံးတစ်ဝတည်း ဖြစ်ရေးပင်ဖြစ်ပါသည်။ မတူညီမှုနှင့်တူညီမှုကြား hybrid လုပ်ပြီး ချင်းပြည်နယ်တွင်းမှာ မျိုးနွယ်စုအသီးသီးတန်းတူဆက်ဆံရေးထူထောင်ပြီး အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု ၊ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ကြရမည်။ချင်းပြည်ပြင်ပမှာ ချင်းအမျိုးသားကိုယ်စားပြုမှု လိုအပ်လာသည့်အခါတိုင်း မည့်သည့်မျိုးနွယ်ဖြစ်စေ ချင်းတမျိုးသားလုံးလက်ခံနိုင်သော ကိုယ်စားပြုမှုဖြစ်ဖို့ ဦးတည်ကြရပါမည်။ မိခင်ဘာသာဒေသသုံးစကား(Dialect) ကိုအခြေခံသော မျိုးနွယ်စုအလိုက် အုပ်ချုပ်ရေးစနစ်အား အမှန်တကယ်အကောင်အထည်ဖော်ရန်သုတေသန ရှာဖွေ စုဆောင်း တင်ပြဆွေးနွေးမှုများနဲ့ပြည့်စုံပြီး ခိုင်မာသောအချက်အလက်များ လိုအပ်ပါသည်။
ဖက်ဒရယ်ရလာသည့်အခါမှာ ချင်းပြည်နယ်နှင့်ချင်းလူမျိုးတို့၏ဖြစ်ပေါ်တိုးတက်မှုများ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်ဟုယုံကြည်ရပြီး ရေရှည်တည်တံ့ခိုင်မာဖို့ နိုင်ငံရေး စနစ်ကောင်းတစ်ခုလိုအပ်ပါသည်။ အမြော်အမြင်ကြီးမားသော သက်ဆိုင်ရာချင်းအဖွဲ့အစည်းခေါင်းဆောင်ပိုင်းလူကြီးများနှင့်မျိုးနွယ်စုအသီးသီးမှ ချင်းလူငယ်များ ယခုလက်ရှိအခင်းအကျင်းထက် ပို၍ကျယ်ပြန့်သော ပို၍ပွင့်လင်းသောထိတွေ့ဆက်ဆံမှုများ ဆွေးနွေးညှိနှိုင်းမှုများ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့အကြံပြုတိုက်တွန်းလိုက်ရပါသည်။
Salai Siiptui