
ဧပြီလ ၉ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် Thantlang Peng Council / CDF-Thantlang တပ်ဖွဲ့ရဲ့ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အရပ်သားပြည်သူ ၂၃ ဦးသေဆုံးပြီး ၊ ၅၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Thantlang က ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်လက်အောက်မှ ချင်းပြည်နှင့် ချင်းလူမျိုးကို လွတ်မြောက်စေရန်၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းရန်၊ ချင်းလူမျိုး တို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအခွင့်အရေး ရရှိစေရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Thantlang Peng Council / Chinland Defense Force – Thantlang အဖွဲ့ တော်လှန်ရေး လုပ်ဆောင်လာခဲ့တဲ့ ၅ နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၆ ရက်နေ့တွင် ကျင်းပနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
၅ နှစ်ပြည့်အခမ်းအနားမှာ Thantlang Peng Council / CDF-Thantlang အဖွဲ့ဝင်ထဲကနေ ခေါင်းဆောင်မှု ဆု (Leadership Award)၊ စံပြဆု (Exemplary Award) နှင့် နာမည်ကောင်းထိန်းသိမ်းသူဆု (Good Reputation Award) များ ချီးမြှင့်ခြင်းအပြင်၊ တိုက်ပွဲများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပြည်သူ့အကျိုးအတွက် ဆက်လက်ပါဝင်ဆောင်ရွက်နေသူများကို ဂုဏ်ပြုဆုများနှင့် အခြားဆုများကိုလည်း ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
၅ နှစ်တာ တော်လှန်ရေးကာလအတွင်း Thantlang Peng Council / CDF-Thantlang မှ တိုက်ခိုက်ရေးသမားများ အများအပြား အသက်ပေးလှူခဲ့ကြပြီး ချင်းပြည်နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့တဲ့ ညီအစ်ကို မောင်နှမများကို အမြင့်ဆုံး ဂုဏ်ပြုလေးစားမှုကို အပ်နှင်းကြောင်းကိုလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် Thantlang Peng Council / CDF-Thantlang အဖွဲ့အနေဖြင့် ထန်တလန် မြို့အပါအဝင် ချင်းပြည်အတွင်းရှိ စစ်အာဏာရှင်တပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်နယ်အုပ်ချုပ်ရေး ရည်မှန်းချက်များ ပြည့်မီနိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Thantlang Peng Council / CDF-Thantlang အဖွဲ့အနေဖြင့် တော်လှန်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာနှင့် အရှိန်အဟုန်မြင့်မားစွာ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စစ်သည်တပ်ဖွဲ့ တည်ဆောက်ရေးလုပ်ငန်းများနှင့် စနစ်တကျရှိပြီး စံနမူနာယူစရာကောင်းသော အုပ်ချုပ်ရေးစနစ် တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အချိန်ဖြစ်တယ်လို့လည်းဆိုပါတယ်။
Thantlang Peng Council / CDF-Thantlang အဖွဲ့ရဲ့ ၅ နှစ်တာ တော်လှန်ရေးကာလအတွင်း မည်သည့်နေရာတွင်မဆို အားပေးထောက်ခံခဲ့ကြသော ပြည်တွင်းပြည်ပရှိ ပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနဲ့ ဉာဏ်ပညာ၊ စားနပ်ရိက္ခာနှင့် အားအင်များ၊ ထို့အပြင် ဆုတောင်းမှုများဖြင့် အဘက်ဘက်မှ ဆက်လက် ထောက်ခံအားပေးကူညီပေးကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

