
ဧပြီလ ၁၂ ရက်။
မနေ့ ဧပြီလ ၁၁ ရက်နေ့က ထိုင်းနယ်စပ်လမ်းတစ်နေရာမှာ ကားပေါ်မှာ လူများပြီး အသက်ရှုမဝလို့ မလေးရှားနိုင်ငံကို သွားမယ့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tuivial ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် Pau Lam Kim ဟာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
နီးစပ်တဲ့ သတင်းရင်းမြစ်က “ထိုင်းနယ်စပ်ကို ဝင်တဲ့အချိန် ကားပေါ်မှာကလည်း လူအရမ်းများတယ် လူထပ်နေအောင်စီးရတော့ လူပိပြီး လို့ပြောရမလား အဲလိုနဲ့ အသက်ရှုမဝဘဲ ဆုံးသွားတယ်လို့ သိရတယ် သူတို့ကို တင်ဆောင်လာတဲ့ ကားသမားကလည်း ဆုံးသွားတော့ ဒီတိုင်းထားခဲ့တယ် ပါလာတဲ့ သူ့ဆွေမျိုးတစ်ယောက်ကနေ နေခဲ့လိုက်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။
လက်ရှိသေဆုံးသွားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နေ Pau Lam Kim ရဲ့ အလောင်းဟာ ထိုင်းနိုင်ငံအတွင်းမှာဘဲ ရှိနေသေးပြီး ဘယ်လို ဆက်လုပ်ဆောင်သွားမလဲဆိုတဲ့ အသေးစိပ်အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတဲ့ စစ်ရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကလူငယ်သိန်းချီဟာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေကို တရားမဝင်လမ်းကြောင်းတွေကနေ ခက်ခက်ခဲခဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေ အဆမတန် များပြားလာခဲ့ပါတယ်။

