
ဧပြီလ ၇ ရက်။
မလေးရှားနိုင်ငံ ၊ ဂျိုဟိုးပြည်နယ်မှာ ဧပြီလ ပထမပတ်အတွင်း ပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံခြားသား ၁၂၇ ဦးတို့ကို မူလ နိုင်ငံတွေဆီ ပြန်ပို့လိုက်တဲ့အထဲ မြန်မာနိုင်ငံသား ၂၁ ဦးလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ဧပြီလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မလေးရှားနိုင်ငံ Pineapple Town လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား ၁၂၇ ဦးတို့ကို မူလနိုင်ငံတွေကို ဧပြီလ ၆ ရက်နေ့က KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကနေ ပို့ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
မူလနိုင်ငံ ပြန်ပို့ခံရသူတွေထဲ မြန်မာနိုင်ငံသား ၂၁ ဦး၊ ဘင်္ဂလားဒေရှ်နိုင်ငံသား ၆၄ ဦး၊ အိန္ဒိယနိုင်ငံသား ၁၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၆ ဦး ၊ ဗီယက်နမ်နိုင်ငံသား ၆ ဦးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် နိုင်ဂျီးယား နိုင်ငံသား တစ်ဦးစီလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူတွေ အားလုံးကို ဌာနရဲ့ စနစ်တွင် Blackist ထည့်သွင်းထားပြီး သတ်မှတ်ကာလအတွင်း မလေးရှားနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့် မရှိတော့ဘူးလို့လည်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေဟာ မလေးရှားနိုင်ငံကို တရားမဝင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး အာဏာပိုင်တွေက စစ်ဆေးစဉ် အထောက်အထားအပြည့်အစုံ မပြနိုင်တဲ့အတွက် ဖမ်းဆီးခံရပြီး မူလနိုင်ငံကို ပြန်ပို့ဆောင်ခံရတာလည်းဖြစ်ပါတယ်။

