Headlines

မရာလူငယ် ၁၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အသက်ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမယ်လို့ MTC/MDF ထုတ်ပြန်လာ

ဧပြီလ ၈ ရက်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ရကားရွာမှာ မရာကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် MDF တပ်ဖွဲ့ဝင်ရောက်စီးနင်းခဲ့ပြီး စစ်မှုထမ်းဖို့အတွက် မရာလူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့သတင်းများထွက်လာပြီးနောက် ဒီကနေ့ ဧပြီလ ၈ ရက်မှာအသက်ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC / MDF)က ထုတ်ပြန်လာပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ မရာလက်နက်ကိုင်အဖွဲ့က မရာကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပနေတုန်း လက်နက် အပြည့်အစုံ နဲ့ ရောက်လာပြီး ပွဲကြည့်နေတဲ့ လူငယ်တွေကို ဖမ်းဆီးသွားတယ်လို့ ကျနော်တို့လည်း သိရပါတယ် ဖမ်းဆီးခံရလူငယ်အရေအတွက်တော့ အတိကျမသိဘူး ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ သိရတယ် ” လို့ပြောပါတယ်။

မရာကာကွယ်ရေးတပ်ဖွဲ့ ( MDF ) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အထဲ အသက်ကြီးသူ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် လူငယ် ၁၀၀ ကျော်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေနဲ့ ပတ်သက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရှိပေမယ့် MDF ဘက်က ယနေ့ထိ တစ်စုံတစ်ရာ လိုက်လျောပေးတာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

သတ်မှတ်ထားတဲ့ အသက်ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မရာပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC / MDF )ဧပြီလ ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေဖြင့် စစ်ကော်မရှင်ရဲ့ ထိုးစစ်ကို ခုခံတွန်းလှန်နိုင်ရန် ပြင်ဆင်နေကြတဲ့ ကာလ ဖြစ်ပြီး MTC / MDF အနေဖြင့်လည်း စစ်ကော်မရှင်ကို ခုခံတွန်းလှန်နိုင်ဖို့ နဲ့ ရန်အမျိုးမျိုး ၏ ရန်ကနေ ကာကွယ်ဖို့အတွက် အင်အားဖြည့်တင်းရန် အရေးပေါ် လိုအပ်နေတယ်လို့ ထုတ်ပြန်ပါတယ်

မရာနယ်မြေ လုံခြုံရေးနှင့် ဆက်စပ်တဲ့ စစ်မှုထမ်းဥပဒေကို ဒုတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးမှ သတ်မှတ်ထားတဲ့ မရာဒေသအတွင်း နေထိုင်ထိုင်ကြတဲ့ အသက် ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သလို အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မရာပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရန် အသိပေးတယ်လို့ MTC / MDF ဧပြီလ ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *