
ဧပြီလ ၁ ရက်။
စစ်ဘေးရှောင် ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကိစ္စရပ်တွေကို မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization ( ZORO) အဖွဲ့နဲ့ ချင်းပြည် ( Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ မတ်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည် (Chinland) အစိုးရက ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO အဖွဲ့ ဥက္ကဌ Pu R. Sangkawia နဲ့ ချင်းပြည် ( Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ဆလိုင်းမင်းညို နဲ့ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက် တို့ဟာ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့မှာ မတ်လ ၃၁ ရက်နေ့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ ဆလိုင်းမျိုးထိုက်က “စည်းလုံးညီညွှတ်ရေးသည်သာ တော်လှန်ရေးအတွက် အကောင်းဆုံးသော အရာပါ ။ စည်းလုံးခြင်းသည်သာ အောင်မြင်ခြင်းရဲ့ လမ်းစပါ ညီညွှတ်မှ ပြည်သူအကျိုးလည်း ဒီထက်မက ဆောင်ရွက်နိုင်မှာဖြစ်တယ် အာဏာရှင်တော်လှန်ရေးမှာ မညီညွှတ်လို့ မရဘူး” လို့ပြောပါတယ်။
မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization ( ZORO) အဖွဲ့အစည်းဟာ Zo (ချင်း) မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်းရေး ၊ နိုင်ငံနယ်နိမိတ်ကြောင့် သီးခြားနေရပေမယ့် တူညီတဲ့ လူမျိုး တစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းစေချင်တဲ့ ရည်ရွယ်ချက် နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

