
ဧပြီလ ၈ ရက်။
ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် မကျင်းပဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သခင်ယေရှုဘုရား ရှင်ပြန်ထမြောက်ရာနေ့ ( အီစတာပွဲတော်)ကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ ခရစ်ယာန် အသင်းတော် ၅ သင်း စုပေါင်းကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငွေကြေးထောက်ပံ့ကူညီမှုဖြင့် ဧပြီလ ၇ ရက်နေ့က ကျင်းပခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။
ကျောက်တော်မြို့နယ်မှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သခင်ယေရှုဘုရားရှင်ပြန်ထမြောက်ရာနေ့ ( အီစတာပွဲတော်) မနေ့ ဧပြီလ ၇ ရက်နေ့မှာ ကျင်းပခဲ့ကြပြီး အာရက္ခပြည်သူ့အစိုးရရဲ့ စစ်ဘက်နှင့် အရပ်ဘက် တာဝန်ရှိသူတွေ ကိုယ်တိုင်လည်း တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် သခင်ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ရာနေ့ ( အီစတာပွဲတော်) ကို မကျင်းပနိုင်တာ ၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် အခုနှစ်မှာ ကျောက်တော်မြို့နယ်ရှိ ခရစ်ယာန်အသင်းတော် ၅ သင်းစုပေါင်းပြီး ပြန်ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာတဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွက်အအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ရာနေ့ ( အီစတာပွဲတော်) ကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ချင်းလူမျိုးသိန်းချီနေထိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊အမ်း၊ ပေါက်တော၊ စစ်တွေမြို့နယ်တချို့မှာ ချင်းလူမျိုးတွေ နေထိုင်ကြပါတယ်။

