Headlines

ကလေးမြို့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန် သင်္ချိုင်းကော်မတီမှ သင်္ချိုင်း အသုံးပြုခကို နှုန်းထား အသစ် ဖြင့် စတင်ဆောင်ရွက်

ဧပြီလ ၂ ရက်။

ဧပြီ ၁ ရက်နေ့က စပြီး အသစ်ရွေးချယ်ထားတဲ့ ကလေးမြို့ ဒိုးဝိုင်းချောင်း ဂိုဏ်းပေါင်းစုံ ခရစ်ယာန် သင်္ချိုင်း ကော်မတီ အမှုဆောင်အဖွဲ့ မှ တိုးမြင့်ကောက်ခံမည့်သင်္ချိုင်း အသုံးပြုခ နှုန်းထားသစ်များဖြင့် လုပ်ငန်းဆိုင်ရာ ကိစ္စ အရပ်ရပ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဖွဲ့ဆောင် အဖွဲ့ဝင် ဟောင်း တဦးရဲ့ ပြောကြားချက် အရ သိရှိခဲ့ရ ပါတယ်။

“ကျွန်တော်တို့ အဖွဲ့ဝင် အသင်းတော်တွေ အားလုံး မတ်လ ၂၃ ရက်နေ့မှာ အစည်းအဝေး လုပ်တယ်။ အမှုဆောင် အဖွဲ့သစ် ကို ရွေးချယ် ခဲ့တယ်။ ကန်ထရိုက်တာတွေ တင်ပြတဲ့ သင်္ချိုင်း အသုံးပြုခ နှုန်းထား ကိစ္စလည်း တိုင်ပင် ကြတယ်။ အဲလိုနဲ့ ကုန်ဈေးနှုန်း နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နှုန်းထား တိုးပေး ခဲ့တယ်။ ဒီနေ့ ဧပြီ ၁ ရက်နေ့မှာ တာဝန်လွှဲ ပေးလိုက်ပြီး။ နှုန်းထား အသစ် လည်း ဒီနေ့ စပြီး အသက်ဝင် အသုံးပြုပြီ” လို့ အနားယူသွားတဲ့ အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦး ဇမ်းကပ်လျန်း က ပြောပါတယ်။

သင်္ချိုင်းအားလုံးကို ဂူသွင်းစနစ် အဖြစ် အသုံးပြုလာခဲ့ပြီ ဖြစ်ကြောင်း၊ အသစ်သတ်မှတ်ထားတဲ့ သင်္ချိုင်း အသုံးပြုခများ အရ ကလေး အုတ်ဂူ တခုကို ကျပ် ၂ သိန်း၊ လူကြီး အုတ်ဂူ တခုကို ကျပ် ၂ သိန်းခွဲ နှင့် အထူးသင်္ချိုင်းလို့ ခေါ်တဲ့ လုံးချင်း အုတ်ဂူ တခုကို ကျပ် ၅ သိန်းခွဲ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သင်္ချိုင်း အသုံးပြုခ ကို မြို့ထဲရှိ ကော်မတီ ရုံးတွင် ပေးသွင်းရတဲ့ စနစ်ကိုလည်း ပြောင်းထားပြီး သင်္ချိုင်းတွင် စတင် ပေးဆောင်ရတော့ မည် ဖြစ်ကြောင်း ခရစ်ယာန် သင်္ချိုင်း ကော်မတီဝင်များ ထံမှ သိရှိရ ပါတယ်။

“ကော်မတီရုံးကို မြို့ထဲမှာ မထားတော့ဘူး။ သင်္ချိုင်းမှာပဲ ထားတော့မယ်။ ရုံး အတွက် အဆောက်အဦး ဆောက်လုပ် နေဆဲ ဖြစ်တယ်။ ရုံးခန်း ဆောက်တာ မပြီး မချင်းတော့ သင်္ချိုင်းစောင့် ထံမှာ သင်္ချိုင်း အသုံးပြုခ တိုက်ရိုက် ပေးသွင်းရမှာ ဖြစ်တယ်။ ကိုယ် အသုံးပြုမယ့် အုတ်ဂူ နံပါတ် ကိုလည်း တခါတည်း စစ်လို့ ရတော့မှာ ဖြစ်တယ်” လို့ ခရစ်ယာန် သင်္ချိုင်း အသုံးပြုခြင်း နှင့် ပတ်သက်ပြီး အပြောင်းအလဲများကို လည်း ကော်မတီ အဖွဲ့ဝင် ဖြစ်သူမှ ဆက်လက် ရှင်းပြ ပေးခဲ့ ပါတယ်။

လက်ရှိ အသုံးပြုတဲ့ အုတ်ဂူ သင်္ချိုင်းဟာ တန်းလျား ပုံစံ ဖြင့် တည်ဆောက်ထားတာ ဖြစ်ကြောင်း၊ တချို့ ပုဂ္ဂိုလ်တွေက တန်းလျား အုတ်ဂူ မဟုတ်တဲ့ လုံးချင်း ပုံစံ ဖြစ်တဲ့ သီးသန့် အုတ်ဂူများ အသုံးပြု နိုင်ဖို့ တောင်းဆိုတာကြောင့် အထူးသင်္ချိုင်း (Special) ဆိုတဲ့ဟာ တခု စီစဉ်ပေးခဲ့ရ တာဖြစ်ကြောင်း လည်း ကော်မတီ အဖွဲ့ဝင် ဖြစ်သူမှ ဆက်လက် ရှင်းပြ သွား ပါတယ်။

ခရစ်ယာန် သင်္ချိုင်း အုတ်ဂူ ဈေးနှုန်း သတ်မှတ်ချက် အဟောင်း ဟာ လူကြီး သင်္ချိုင်း ကျပ် နှစ်သိန်း၊ ကလေး သင်္ချိုင်း ကျပ် ၁ သိန်းခွဲ နှင့် သီးသန့် (SP) အုတ်ဂူ ကျပ် ၅ သိန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ က နေ ၂၀၂၆ မတ်လ ၃၁ ထိ ယင်း နှုန်းထား အတိုင်း အသုံးပြုခဲ့တယ်လို့လည်း ထပ်မံ သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *