
မတ်လ ၁ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အဓိပတိ Ayatollah Khamenei ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ယနေ့မှာ တရားဝင်အတည်ပြု ထုတ်ပြန်လိုက်ပြီး Khamenei ကို “သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး လူသားများထဲက တစ်ဦး” လို့ သတ်မှတ်ပြောဆိုလိုက်တဲ့အပြင် အခုသေဆုံးမှုဟာ အီရန်ပြည်သူတွေတင်မကဘဲ သူတို့ရဲ့လက်ချက်ကြောင့် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ရတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက လူသားအားလုံးအတွက် တရားမျှတမှု ရရှိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်အဓိပတိ Khamenei ဟာ အမေရိကန်ရဲ့ အလွန်ခေတ်မီတဲ့ ထောက်လှမ်းရေးနဲ့ ခြေရာခံစနစ်တွေကနေ ဘယ်လိုမှ ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိဘဲ အစ္စရေးနဲ့ အနီးကပ်ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အခြားသော အီရန်ခေါင်းဆောင်ပိုင်းတွေနဲ့အတူ သုတ်သင်ခံလိုက်ရတာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။
ဒါဟာ အီရန်ပြည်သူတွေအနေနဲ့ မိမိတို့နိုင်ငံကို မိမိတို့လက်ထဲ ပြန်လည်ရယူဖို့ အကောင်းဆုံးသော အခွင့်အရေးဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားဟာ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ အမေရိကန်ဆီကနေ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့် (Immunity) တောင်းခံနေကြပြီလို့ သမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။
“အခု လက်နက်ချရင်တော့ အကာအကွယ်ရမယ်၊ နောက်ကျရင်တော့ သေရုံပဲရှိမယ်” လို့လည်း သူက ပြတ်သားတဲ့ ရာဇသံကို ထပ်မံပေးလိုက်ပါတယ်။
ဒါ့အပြင် အီရန်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အီရန်မျိုးချစ်ပြည်သူတွေနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းပြီး နိုင်ငံကို ထိုက်တန်တဲ့ ကြီးကျယ်ခမ်းနားမှုတွေဆီ ပြန်လည်ပို့ဆောင်ပေးဖို့ သမ္မတက တိုက်တွန်းထားပါတယ်။ တိုက်ခိုက်မှု စတင်ခဲ့တဲ့ တစ်ရက်အတွင်းမှာတင် အီရန်နိုင်ငံရဲ့ အဆောက်အအုံ အများအပြားဟာ အကြီးအကျယ် ပျက်စီးသွားပြီဖြစ်သလို၊ အရှေ့အလယ်ပိုင်းနဲ့ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရတဲ့အထိ တိကျတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လိုအပ်သလောက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သမ္မတထရမ့်က အသိပေး ပြောကြားခဲ့ပါတယ်။

