
မတ်လ ၂၀ ရက်။
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြဖို့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ချင်းအမျိုးသားတပ်ဦး ( CNF / CNA) က ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ အထူးတိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၂၀ ရက်နေ့ဟာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဝင်လာတဲ့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ဖြစ်ပြီး ၃၈ နှစ်တာ ချင်းတော်လှန်ရေးကာကလအတွင်း အသက်ပေးလှူသွားကြတဲ့ သူရဲကောင်း အာဇာနည်တွေနဲ့ ကိုယ်လက်အဂါၤ တစိတ်တပိုင်း ပေးလှူခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကိုလည်း ဂုဏ်ပြုဦးညွှတ် ဂါရဝပြုတယ်လို့ CNF / CNA က ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေ အတုအယောင် လွှတ်တော် နှင့် စစ်တပ်အခွံလဲအစိုးရကို ဖွဲ့စည်းပြီး စစ်အုပ်စုအာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပြည်သူနှင့် နိုင်ငံတကာကို လှည့်ဖြားဖို့ ကြိုးစားနေတာကို အထူးသတိချပ်ပြီး ပြည်သူနှင့် တော်လှန်ရေး အင်အားစုတွေအနေဖြင့် ရန်သူ မိတ်ဆွေကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ညီညီညွတ်ညွတ်ဖြင့် လက်တွဲ တော်လှန်ကြရမယ့် အချိန်အခါ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချင်းတော်လှန်ရေးအင်အားစုတွေအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အင်အားကို ပိုမို စုစည်းခိုင်မာအောင် တည်ဆောက်လျက် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမယ့် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ပြည်တွင်း၊ ပြည်ပ ရှိ ချင်းလူမျိုးတွေအနေဖြင့် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေနဲ့ စစ်မြေပြင်မှာ နေ့နေ့ညညတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်၊ ရဲမေတွေကို အောက်မေ့ အမှတ်ရလျက် ပြည်သူ့တော်လှန်ရေး ပန်းတိုင်ကို မနှေးအမြန် ရောက်ရှိရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ထားပါတယ်။

