Headlines

မြန်မာနိုင်ငံက ကွမ်းသီးမှောင်ခို တင်သွင်းနေမှုတွေကို မီဇိုရမ်ပြည်နယ်ကအရေးယူသွားမယ်လို့ သိရ

မတ်လ ၃ ရက်။

မြန်မာနိုင်ငံ၊ချင်းပြည်နယ်ဘက်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်ကို တရားမဝင် ကွမ်းသီးမှောင်ခို တင်သွင်းနေမှုတွေကို ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့က မီဇိုရမ်ပြည်နယ်၏ ( ၁၀ ) ကြိမ်မြောက် လွှတ်တော်ဘတ်ဂျက်အစည်းအဝေးမှာ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ကပြောဆိုတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ ကွမ်းသီးတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာခြင်းဖြစ်လို့ အခွန်ကောက်ခံနိုင်ခြင်းမရှိဘဲ ၁၉၆၂ ခုနှစ် အကောက်ခွန် ဥပဒေကို ကျိုးဖောက်နေခြင်းဖြစ်တယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူး – ကေ ဆပ်ဒန်ငါက ပြောဆိုထားတယ်လို့ သိရပါတယ်။

တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ ကွမ်းသီးတွေဟာ အခွန်မဲ့ပစ္စည်းဖြစ်တာကြောင့် ဈေးနှုန်းချိုသာစွာရောင်းချနေခြင်းဟာ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို များပြားစေရုံသာမက မီဇိုရမ်ပြည်နယ်ရှိ ကွမ်းသီးစိုက်တောင်သူတွေရဲ့ ထွက်ကုန်ဈေးကွက်ကိုပါ ကြီးမားစွာ ထိခိုက်နေတာကြောင့် အစိုးရအနေဖြင့် ဆက်လက်ဖမ်းဆီးပြီး တားမြစ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းကနေ ကွမ်းသီးမှောင်ခိုတင်သွင်းမှုတွေ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၄၆၈ အမှု ဖွင့်ခဲ့ပြီး လူပေါင်း ၂၉၂ ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ကို ရာဇသတ်ကြီးဥပဒေ ( IPC / BNSS) အရ တရားရုံးက ပြစ်ပေးအရေးယူပြီး အကောက်ခွန်ဥပဒေအရ ဖမ်းဆီးသူတွေကိုလည်း ယင်းဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း ဝန်ကြီးက လွှတ်တော်ကို တင်ပြထားကြောင်း သိရပါတယ်။

ကွမ်းသီးမှောင်ခိုတင်သွင်းမှုကြောင့် စားသုံးသူတွေ ချိုသာတဲ့ ဈေးနှုန်းဖြင့် ရရှိနိုင်ပြီး ဝန်ကျယ်တဲ့ ကုန်အမျိုးအစားဖြစ်လို့ လျှို့ဝှက်သယ်ဆောင်ရန်ခက်ခဲကာ ဒေသခံတွေ မပါဝင်လျှင် အလုပ်မဖြစ်နိုင်ကြောင်းကိုလည်း ဝန်ကြီးက ပြောဆိုထားကြောင်းလည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *