
မတ်လ ၂၀ ရက်။
တောတောင်များ ထူထပ်စွာရှိတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံတွေကို ပိုမိုခိုင်မာစေဖို့အတွက် Serchhip ခရိုင်၊ Thenzawl မြို့အနီးမှာရှိတဲ့ ပြည်နယ်၏ အမြင့်ဆုံး Vantawng ရေတံခွန်မှာ ကေဘယ်ကား (Ropeway) တစ်ခု တည်ဆောက်သွားမယ်လို့ အစိုးရအရာရှိတစ်ဦးက မတ်လ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ကြောင်း India Today Media မှာဖော်ပြပါတယ်။
ဒီစီမံကိန်းဟာ လာရောက်လည်ပတ်သူတွေကို မီဇိုရမ်ပြည်နယ်ရဲ့ အမြင့်ဆုံးရေတံခွန်ကြီးကို ငှက်မျက်စိမြင်ကွင်း (Bird’s-eye perspective) အတိုင်း အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်စေမှာဖြစ်ပြီး၊ ဒီအတွက် ရန်ပုံငွေကိုတော့ ပြည်နယ်များအတွက် အထူးရင်းနှီးမြှုပ်နှံမှု အကူအညီပေးရေးအစီအစဉ် (SASCI) အောက်ကနေ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
အဆိုပါ အရာရှိရဲ့ ပြောကြားချက်အရ စီမံကိန်းအတွက် အိန္ဒိယရူပီးငွေ ၃၄ ဒသမ ၅၀ ကုဋေ (Rs 34.50 crore) ခွင့်ပြုပေးထားပြီးဖြစ်သလို၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွင့်ပြုချက်တွေကိုလည်း ရရှိထားပြီးပြီလို့ သိရပါတယ်။ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွင့်ပြုချက်တွေ ရရှိထားပြီးဖြစ်ပေမဲ့ စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်မယ့် ကန်ထရိုက်တာ (Contractor) ကိုတော့ ရွေးချယ်ဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
အိုက်ဇော်မြို့ကနေ ၉၂ ကီလိုမီတာ (၅၇ မိုင်ခန့်) အကွာမှာရှိတဲ့ ဝန်တောင်ရေတံခွန်ဟာ မီဇိုရမ်ပြည်နယ်ရဲ့ လူကြိုက်အများဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ အခုတည်ဆောက်မယ့် ကေဘယ်ကားစီမံကိန်းကြောင့် လာရောက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိစေမှာဖြစ်သလို၊ ရေတံခွန်ဆီကို သွားလာရတာလည်း ပိုပြီး လွယ်ကူသွားမှာ ဖြစ်ပါတယ်။
ဒေသတွင်း အာဏာပိုင်တွေနဲ့ ဒေသခံတွေကတော့ ဒီစီမံကိန်းဟာ ဒေသတွင်း ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မယ့်အပြင် သိန်းဇောမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကိုလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

