Headlines

မီဇိုရမ်ပြည်နယ်မှာ ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်းကို ပြန်အပ်ခဲ့တဲ့ ကယ်ရီသမားကို ဝန်ကြီးချုပ်က ဂုဏ်ပြုမယ်လို့ သိရ

မတ်လ ၁၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ မြန်မာနိုင်ငံသား၊ ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်းကျော်( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တဲ့ သုံးဘီးကယ်ရီသမားကို ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုချီးမြှင့်သွားမယ်လို့ ဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်သူ Pu Henry Lalhmingmuana ဟာ သုံးဘီးကယ်ရီဆွဲကာ အလုပ်အလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံသား၊ ရခိုင်ကုန်သည်တစ်ဦးက Pu Henry Lalhmingmuana ဆီ သုံးဘီးကို ဌားရမ်းခဲ့ပြီး ၎င်းတည်းခို ခန်းတခုကို ပို့ဆောင်ခဲ့စဉ် ရခိုင်ကုန်သည်က သုံးဘီးပေါ်မှာ အိတ်အမဲရောင်ထဲထည့်ထားတဲ့ ရူပီး ၁၅ သိန်းကျော်ကို မေ့ကျန်ခဲ့တာဖြစ်ပါတယ်။

သုံးဘီးသမား Pu Henry Lalhmingmuana ကို ပိုက်ဆံမေ့ကျန်ခဲ့တဲ့ ရခိုင်ကုန်သည်က မမှတ်မိလို့ စိုးရိမ်ပူပန်နေပေမယ့် Pu Henry Lalhmingmuana ဟာ ရခိုင်ကုန်သည်ဆီ ပြန်လာပြီး ၎င်းမေ့ကျန်ခဲ့တဲ့ ငွေသားတွေကို ပြန်အပ်နှံခဲ့တာလို့ သိရပါတယ်။

ဒါတွေကြောင့် မနက်ဖြန် မတ်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် Chapchar Kut ပွဲတော်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရဲရင့်သူ ၊ ရိုးသားဖြောင့်မတ်သူ အားဆုချီးမြှင့်ဖို့ ရွေးချယ်ကြရာ Pu Henry Lalhmingmuana ကို မီဇိုရမ်ပြည်နယ်အစိုးရ၊ အနုပညာနှင့် ယဉ်ကျေးမှုညွှန်ကြားရေးမှူးရုံးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ဂုဏ်ပြုမှတ်တမ်းနဲ့ ဖလားအပြင် ဆုငွေ ရူပီး ၁ သိန်း ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီ ဆုပေးခြင်းအခမ်းအနားကို အိုင်ဇောလ်မြို့မှာ မနက်ဖြန် မတ်လ ၁၃ ရက်နေ့မှာ Chapchar Kut အခန်းအနားတွင် ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *