
မတ်လ ၁၁ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Ramthlo ကျေးရွာမှာ ဒီကနေ့ မတ်လ ၁၁ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးတလုံးကို ကိုင်မိလို့ ပေါက်ကွဲပြီး ဒေသခံ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးသွားပြီး ၊ ကလေး ၁ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိကာ ဆေးရုံတင်ထားရတယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(၊CNO / CNDF )ရဲ့ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
ဆလိုင်းတင်မီက “ဒီကိစ္စက လေယာဉ်က ဗုံးချလို့ ဘာညာမဟုတ်ဘဲနဲ့ မနှစ်က ဗုံးတလုံး မပေါက်တဲ့ဟာပေါ့ အဲဒီဟာကို သူတို့သိမ်းထားတဲ့ဟာ လက်နက်ကိုင်တွေကို ပြန်အပ်ဖို့ဆိုပြီး သိမ်းထားတဲ့ဟာရှိတယ် အဲဒီဟာကို ကလေး ၂ ယောက်က ကိုင်ရင်းနဲ့ ပေါက်ကွဲသွားတာပါ တယောက်ကတော့ ဟားခါးဆေးရုံမှာ တင်ထားရတယ်လို့ ကြားရတယ် တယောက်ကတော့ သေဆုံးသွားတယ်ပေါ့” လို့ပြောပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးကို ကိုင်မိပြီးပေါက်ကွဲသွားလို့ ဖလမ်းမြို့နယ်၊ Ramthlo ကျးရွာနေ အသက် ၁၁ နှစ်ဝန်းကျင်အရွယ် Johan Thawng Tha Thang ဟာ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ခြေတဖက်ပြတ်ကာ ဟားခါးဆေးရုံကို ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေရဲ့ အရင်စစ်ကြောင်းတွေတုန်းက မပေါက်တဲ့ ဗုံးကို ဒေသခံတွေက ကောက်ရပြီး CNA ဆီ အပ်မယ်ဆိုပြီး တောင်ယာမှာ ထားခဲ့ကြတာဖြစ်ပြီး အဲဒါကို ဒေသခံ ကလေးတွေက သွားဆော့မိရာကနေ အခုလို ပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရတာတွေထိဖြစ်ခဲ့တာလို့လည်း ဖလမ်းမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

