Headlines

နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုမြှင့်တင်ပေးဖို့ CRPH ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ NUG ယာယီသမ္မတပြော

မတ်လ ၁၆ ရက်။

နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုမြှင့်တင်ပေးကြဖို့ ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ – CRPH ရဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက လွှတ်တော်ခေါ်တဲ့ဒီကနေ့ မတ်လ ၁၆ ရက်မှာဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ – CRPH ကလည်း နဝမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခေါ်ယူကျင်းပခဲ့ကြပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လွှတ်တော်အနေနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်ဖို့ ထည့်သွင်းလုပ်ဆောင်သင့်တဲ့အချက် တချို့ကို ပြောကြားလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး၊ တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုနဲ့ မြှင့်တင်ပေးကြဖို့ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ အတုအယောင် လွှတ်တော်ရဲ့ ဦးတည်ချက်တွေကို ကြိုတင်မျှော်မြင် ပြီး၊ လက်ဦးမှု ရယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ဟာ အင်မတန်မှ အပြောင်းအလဲ မြန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ရှေ့ဖြစ်နိုင်ချေ အလားအလာတွေကို ကြိုတွက်ထားဖို့ လိုကြောင်း ပြောလိုပါတယ်” လို့ပြောဆိုပါတယ်။

အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ CRPH ရဲ့ လွှတ်တော်အစည်းအဝေးတွင် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်ကို အသိအမှတ်မပြုဖို့ အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တောင်းဆိုပေးရေးအဆို တင်သွား အတည်ပြုခဲ့ကြပါတယ်။

တော်လှန်ရေးကာလ ၅ နှစ်တာအတွင်း အစိုးရနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာဂုဏ်ယူကြောင်းနဲ့ CRPH ရဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံးနေရာမှာ ကိုယ်စားပြုနေသူတွေ ဖြစ်တာကြောင့် လွှတ်တော်အမတ် တစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍက တော်လှန်ရေးကာလမှာ အင်မတန် အရေးပါတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

နောက်ပြီး တော်လှန်ရေးကာလနဲ့ လိုက်ဖက်သင့်တော်တဲ့ လွှတ်တော်မျိုး ဖြစ်ဖို့လိုအပ်ပြီး လက်ရှိပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီအတိုင်းဆောင်ရွက်နေတယ်လို့ ယူဆကြောင်းနဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ သာမန်တည်ငြိမ်တဲ့ ကာလကို ဖြတ်သန်းခဲ့ဖူးသူ တွေဖြစ်သလို၊ တော်လှန်ရေးကာလကိုလည်း လက်တွေ့ ဖြတ်သန်းနေ တဲ့သူတွေ ဖြစ်ပါတယ်။ အဲသည့်ထဲမှာ တချို့ဆိုရင်၊ ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးအစဉ်အလာ ကြီးမားတဲ့ အတွေ့အကြုံရှိထားသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို၊ ဒီအချိန်မှ မလုပ်နိုင်ရင် — နောက်မျိုးဆက်တွေအနေနဲ့ တော်ရုံလုပ်ဖို့ မလွယ်နိုင်တော့ဘူးဆိုတာ အထူး သတိချပ်ဖို့ လိုတယ်လို့လည်း အစည်းဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားထားတာကိုလည်း တွေ့ရပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ – CRPH ကို ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်အမတ်တွေက ၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကော်မတီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *